spot_img
19.1 C
Loikaw
Wednesday 8, October 2025
spot_img
Homeဆောင်းပါး“ခေတ်ကာလ တခုမှာ လွန်ဆွဲနေကြတဲ့ ‘ဆန် နဲ့ ငွေ’”

“ခေတ်ကာလ တခုမှာ လွန်ဆွဲနေကြတဲ့ ‘ဆန် နဲ့ ငွေ’”

-

ကန္တာရဝတီတိုင်း(မ်)

ဖွံ့ဖြိုးမှု တစစီ ယိုယွင်းလာတဲ့ အာဏာသိမ်းကာလမှာ ငွေရှိလည်း အသုံးမဝင်ဘူးလို့ သတ်မှတ်လာကြတဲ့သူတွေထဲမှာ ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်က လူတစုလည်း ပါဝင်လာပါတယ်။

“သူလိုချင်တာ အမဲသားဆိုလို့ရှိရင်၊ သူ့ဆီမှာ ဆန်လည်းရှိတယ်ဆိုရင် ပိုက်ဆံနဲ့ ဆန်ဝယ်လည်း မ‌ရောင်းဘူးပေါ့။ သူက အမဲသားနဲ့ လှဲမှပဲ ဆန်ပေးမယ်။ အဲ့လိုပုံစံမျိုးတွေ ရှိတာပေါ့” လို့ လုံခြုံ‌ရေးအရ အမည်မဖော်လိုတဲ့ ဘောလခဲဒေသခံ အမျိုးသားတစ်ဦးက ဘောလခဲမြို့တွင်း စားနပ်ရိက္ခာရရှိရေး အခြေအနေကို ပြောပြပါတယ်။

လက်ရှိဘောလခဲမြို့တွင်းမှာ ကျန်ရှိနေကြတဲ့ အရပ်သားတွေဟာ ရှမ်းပိုင်း၊ ကယားပိုင်း ရပ်ကွက်နှစ်ခုမှာ စုပြီးနေထိုင်ကြပါတယ်။ စားဖို့ ဆန်ကို ပြည်နယ်အစိုးရ(စစ်ကော်မရှင်လက်အောက်ခံ) က လစဥ်ထောက်ပံ့ပေးထားသလို တပ်တွင်းမှာလည်း ဝယ်ယူလို့ရတယ်လို့ ဆိုပါတယ်။

“ဆန်က စကစ (စစ်ကော်မရှင်) နဲ့ အပေါင်းအပါတွေဆီကဘဲ ရနိုင်ပါတယ်” လို့ နောက်ထပ် ဘောလခဲ ဒေသခံအမျိုးသားကတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်နယ်အစိုးရက မြို့တွင်းက တကိုယ်တည်းနေထိုင်သူအတွက် ဆန် ၆ ပြည်၊ မိသားစုဝင် နှစ်ဦးရှိပါက ၈ ပြည်၊ သုံးဦးနဲ့ အထက်ရှိပါက ၁၀ ပြည် နဲ့ ဝန်ထမ်းတဦးကို ၇ ပြည် အသီးသီး ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိစစ်ရေး အခြေအနေတွေ၊ နယ်မြေအနေအထားတွေကြောင့် မြို့ခံတွေဟာ စားဖို့ စပါးစိုက်လို့ မရသလို တခြားလမ်းကြောင်းကနေလည်း ကုန်စည်စီးဆင်းမှုမရှိလို့ စားနပ်ရိက္ခာအတွက် အရေးကြီးတဲ့ ဆန်ကို ထပ်ရဖို့ ပစ္စည်းချင်း လှဲကြရပါတယ်။

“အမဲသားပေါ်ပြီဆို အသားက အကုန် စကစ (စစ်ကော်မရှင်တပ်) အတွက်ဘဲ။ ဘာလို့ဆို ဆန်ကသူတို့ဆီကဘဲ ရတာကိုး။ အရင်တုန်းကဆို တပိဿာကို ဆန်တပြည်ပေါ့” လို့ အထက်ပါ အမျိုးသားက ပြောပြပါတယ်။

ဘောလခဲမြို့ပေါ်မှာ စစ်ကော်မရှင်တပ်ရဲ့ အခြေချ စစ်ဗျူဟာ ခမရ (၄၂၉)၊ ခမရ (၄၃၀)နဲ့ ခလရ (၃၃၇) တပ်ရင်းတို့ ရှိပါတယ်။ မြို့ပတ်ပတ်လည်မှာရှိတဲ့ ကာကင်းတွေကိုလည်း တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိတွေ့တိုက်ပွဲတွေလည်း မကြာခန ဖြစ်ပွားနေတဲ့မြို့နယ် ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်သူတွေရှိပေမဲ့ မြို့ပြင်ကနေထွက်လိုက်ရင် ဒုက္ခပိုကြုံရနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် လက်ရှိအချိန်ထိ မြို့ပေါ်ရပ်ကွက်မှာ လူဦးရေ ၂၀၀ ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ သူတို့က မြို့ပြင် တဖာလုံ၊ နှစ်ဖာလုံ အထိပဲ သွားလာခွင့်ရထားတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် နေအိမ်ခြံရဲ့ အနီးအနားမှာ နှမ်းစိုက်ပြီး ဆီကြိတ်စားကြသလို၊ ငါးဖမ်းတာ၊ ရာသီ သီးနှံ စိုက်ပျိုးစားသောက်တာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။ အိမ်တွင်း ကြက်၊ နွား မွေးသူ‌ရှိပေမဲ့ ဝက်မွေးမြူသူကတော့ အလွန်ရှားတယ်လို့ ပြောပါတယ်။

“ကြက်ရှိတဲ့သူတောင် မစားရက်ဘူး။ ဆန်နဲ့ လှဲဖို့ ဦးစားပေးရတယ်။ ဆန်က အဓိကပဲ” လို့ မြို့ပေါ် အကြပ်အတည်းကို မခံနိုင်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက မြို့ပြင်ကို ထွက်လာတဲ့ ဒေသခံအမျိုးသား တစ်ဦးက ပြောပြပါတယ်။

အခုလို ကုန်စည်ချင်းသာဖလှယ်ပြီး စားသောက်ရေးကို ဖြေရှင်းကြရတာ တစ်နှစ်ကျော်ကြာနေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်တွင်းကရလာတဲ့ ဆန်ကို စစ်ကော်မရှင်တပ်သားတချို့က ဒေသခံတွေကို ငွေသားနဲ့ ပြန်ရောင်းပေးနေကြတာတွေလည်း ရှိပါတယ်။

တပ်ထဲကို ရဟတ်ယာဥ်နဲ့ စားနပ်ရိက္ခာတွေ လာပို့ပြီဆိုကာမှ တခြားကျန်နေတဲ့ အရပ်သားတွေလည်း မျှော်လင့်ချက်ရကြတယ်လို့ ပြောပါတယ်။

အကြောင်းက တိုက်ပွဲတွေကြောင့် ဘောလခဲမြို့ထဲကို ဝင်လို့ရတဲ့ ကုန်းကြောင်းဆက်သွယ်ရေး လမ်းမကြီးတွေ အကုန်ပိတ်ထားပြီး ကုန်စည်တွေ အဝင်အထွက်လည်း မရှိတော့တာပါ။ တပ်ကရောင်း‌ပေးတဲ့ ကုန်တွေကိုဝယ်လို့ရပေမယ့် ဝင်ငွေမရှိတာကြောင့် မဝယ်နိုင်ကြဘူးလို့လည်း မြို့တွင်းကနေ ထွက်လာတဲ့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ