spot_img
26.4 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းအောက်တိုဘာလအတွင်း စစ်ကော်မရှင် ဒရုန်းကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ လေကြောင်း တိုက်ခိုက်မှုကြောင့်...

အောက်တိုဘာလအတွင်း စစ်ကော်မရှင် ဒရုန်းကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ တလအတွင်းမှာ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က မနေ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့အထဲမှာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး ပါဝင်ပြီး အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ သီးနှံရိတ်သိမ်းနေစဉ်အတွင်းမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်က တောင်သူတွေ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းနေတဲ့ လုပ်ငန်းခွင်အတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြောင်းမဲ့ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးအသိသတိဖြင့် သွားလာနေထိုင်ကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားကြပါတယ်။

ဒါ့အပြင် မနေ့က နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၇)နာရီ ဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ်တနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ၅ ဦး သေဆုံးခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်တဲ့နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လေယာဉ်လာကြဲတာက မနက် (၇) နာရီ ဝန်းကျင်လောက်မှာ မိုးတွေလည်း အုံ့နေတယ်။ မိုးတွေကလည်း ဖွဲဖွဲရွာနေတဲ့အချိန်မှာ ကြဲသွားတာပေါ့။ အဲ့ကို ကျနော်ရောက်သွားတဲ့အချိန် အဆောက်အဦး အပျက်တွေလည်း တွေ့ရတယ်။ ကားတွေလည်း ပျက်စီးနေတာ တွေ့ရတယ်။ လေယာဉ် ပစ်ချသွားတဲ့ တွင်းနက်တွေ‌လည်း တွေ့ရတယ်။ ပြီး‌တော့ အသေခံဒရုန်း အပိုင်းအစတွေကိုလည်း တွေ့ရတယ်။ လူထိခိုက်ပြီး သေဆုံးနေတဲ့ dead body တွေကို သယ်ပြီး သက်ဆိုင်ရာတွေကို ပို့နေတာလည်း တွေ့ရတယ်။ အမျိုးသားတယောက်ဆိုရင် အစအနတွေ ပြန်လိုက်ကောက်ရတယ်ပေါ့နော်။ သူ့ရဲ့ ခြေတွေ၊ လက်တွေ ဒီအပိုင်းအစတွေကိုပဲ ပြန်လိုက်ကောက်ပြန်စုရတယ်ပေါ့” လို့ အဆိုပါ ဒေသခံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါလေကြောင်းဟာ နေပြည်တော်လေတပ်ကနေတက်လာတဲ့ လေယာဉ်ဖြစ်ပြီး ပေါင် (၅၀၀) နှစ်လုံး ပစ်ချသွားတာ ဖြစ်နိုင်တယ်လို့ လေကြောင်းအန္တရယ်အသိပညာပေး သင်တန်းကို ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ချရေး လှုပ်ရှားမှုအဖွဲ့ Risk Reduction Initiatives (RRI) ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လေယာဉ်ကြဲပြီးနောက် အသေခံဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်တဲ့အပြင် လက်နက်ကြီးနှစ်လုံးနဲ့လည်း ပစ်ခတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ