ကန္တာရဝတီတိုင်း ( မ် )
ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျရောက်တဲ့ တန်ဆောင်တိုင် လပြည့်နေ့ညမှာ ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမဝန်းအတွင်း စစ်ကော်မရှင်ကို ထောက်ခံတဲ့ အနုပညာရှင်တွေ လာရောက်ဖျော်ဖြေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညပိုင်းမှာ ပြုလုပ်တဲ့ စတိတ်ရှိုးပွဲကို အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် ခန့်စည်သူ ၊ ဝိုင်းလေး ၊ အစ္စဏီ ၊ ငှက်ပျောကြော် ၊ ပေါ်ဦး ၊ အောင်ချစ် တို့က လာရောက် ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့က ရှိုးပွဲအပြင် မီးပုံပျံလွှင့်တင်တာ ၊ မြို့တွင်း မီးကြာလှည့်လည်တာ ၊ ဆီမီးပူဇော်တာတွေကို စည်ကားစွာ ပြုလုပ်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
“ရပ်ကွက်အလိုက် မီးကြာလှည့်တယ်။ မီးပုံးပျံတွေ လွှင့်တင်တယ်။ ည show လည်းလုပ်တယ်။ အခြားမြို့ကြီးတွေလောက် မစည်ပေမဲ့ လွိုင်ကော်အတိုင်းအတာနဲ့ဆို အစည်ဆုံးလို့ ပြောလို့ရပါတယ်” လို့ သူက ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရတဲ့ တန်ဆောင်တိုင် လပြည့်နေ့ကို စစ်ကော်မရှင်ထိန်းချုပ်တဲ့ လွိုင်ကော်မြို့တွင်းအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
လွိုင်ကော်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကော်မရှင်ကို ထောက်ခံတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ရန်အောင် ၊မေသန်းနု၊ စိုးမြတ်သူဇာ ၊ ယဥ်လတ်၊ သဥ္စာမြင့်မို၊ နေခြည်ငြိမ်းချမ်း နဲ့ လူရွှင်တော်တွေဖြစ်ကြတဲ့ ဒိန်းဒေါင် ၊ အုန်းသီး ၊ ငြိမ်းချမ်း တို့ လာရောက် ဖျော်ဖြေခဲ့ကြပါတယ်။




