ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ အကျဉ်းသားတွေ လွှတ်ရက်စေ့လို့ ပြန်လည်လွှတ်မြောက်ရမယ့်ရက်တွေမှာ လွှတ်မြောက်ခွင့်မရပဲ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံနေရတဲ့ အကျဉ်းသား (၆) ဦး ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လွှတ်ရက်စေ့လို့ ပြန်လည်လွှတ်မြောက်လာသင့်တဲ့ အကျဉ်းသား တဦးဟာ လွှတ်မြောက်ခွင့်မရပဲ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံရပြီး အကျဉ်းထောင်မှာပဲ ဆက်နေရတယ်လို့ သိရပါတယ်။ သူနဲ့အတူ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံနေရတဲ့ အကျဉ်းသား (၆) ယောက်ရှိတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA ရဲ့ အဖွဲ့ ဝင်တဦးက အခုလို ပြောပါတယ်။
“လွိုင်ကော်အကျဉ်းထောင်ကနေ လွှတ်ပြီးတော့ နောက်ထပ်အမှုနဲ့ ပြန်စွဲခံရတဲ့သူ စုစုပေါင်း ၆ ယောက်ရှိပြီ။ အရင်လကတော့ တယောက်ပေါ့နော်။ ကျန်တဲ့လူတွေကတော့ ရှေ့ကလူတွေပေါ့။ ဆိုတော့ သူတို့က ဘာကြောင့် ပြန်စွဲခံရလည်းဆိုတော့ များသောအားဖြင့် သူတို့အမှုက ၁၇/၁ မတရား အသင်းနှင့်ဆက်သွယ်တဲ့ အမှု အဲ့ဒီအမှု နဲ့ တိုက်ခံတဲ့လူက နောက်အမှု ထပ်မံစွဲခံရဖို့ ရာခိုင်နှုန်းများတယ်။ ဥပမာ ကျနော်တို့ဆိုရင် ၅၂(က) အကြမ်းဖက်ခံရမှုနဲ့ အစွဲခံရတယ်။ သို့ပေမယ့် ကျနော်တို့ ပြန်လွှတ်လာတဲ့အချိန် ဒီတိုင်းလွှတ်လာတယ်ပေါ့နော်။ သို့ပေမယ့် လူတယောက်က ဥပမာ ကျနော်ပေါ့… ကျနော့်ကို ၁၇/၁ နဲ့ စွဲထားပြီးတော့ ၁၇/၁ နဲ့ထောင်ကျနေမယ်ဆိုရင် ပြန်လွှတ်လာမယ့်ရက်က မသေချာဘူး။ နောက်အမှု ပြန်စွဲခံဖို့ ရာခိုင်နှုန်းအရမ်းများတယ်” လို့ ပြောပါတယ်။
အဆိုပါ အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ (၆) ဦးထဲက (၄) ဦးဟာ ပုဒ်မ -၅၂ (က) နဲ့ ပြန်လည် စွဲဆို ခံထားရတာ ဖြစ်ပြီး ထောင်ဒဏ် (၅) နှစ်နီးပါး ပြန်လည် ကျခံထားရပါတယ်။ ကျန်တဲ့ (၂) ယောက်ကိုတော့ ဘာအမှုနဲ့ ထပ်မံစွဲဆိုထားလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ KPPA ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ကျနော်သိရသလောက်တော့ အဲ့လိုမျိုးအမှုပြန်စွဲထားတာ ၆ ယောက်ရှိတာပေါ့နော်။ အဲဒီ ၆ ယောက်ထဲမှာ အတည်ပြုနိုင်တဲ့ လေးယောက်ရှိတယ်။ အဲဒီလေးယောက်က ၅၂(က) နဲ့ပြန်ပြီးတရားစွဲခံရတယ်ပေါ့နော်။ ငါးနှစ်နီးပါးပြန်ကျ ကြတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ အတည်မပြုနိုင်သေးဘူး။ အဲ့လိုအခြေအနေရှိတယ်”လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ (၆) ဦးလုံး ရဲ့ အချက်အလက်ကိုတော့ သူတို့ရဲ့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့လည်း သူက ဆိုပါတယ်။ ကရင်နီပြည် ၊ လွိုင်ကော်အကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားဦးရေ (၅၀) ဝန်းကျင် အပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ခန့် ရှိပြီး ဧည့်တွေ့ခွင့် မရရှိကြဘူးလို့ သိရပါတယ်။




