spot_img
Homeသတင်းကရင်နီမှာသေဆုံးတဲ့ ကဗျာဆရာအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ IEC ပြော

ကရင်နီမှာသေဆုံးတဲ့ ကဗျာဆရာအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ IEC ပြော

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်း ကဗျာဆရာ မင်းဘုန်းနိုင် (ခေါ် ) Plug X သေဆုံးမှုကို စုံစမ်းစစ်ဆေးနေပါတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC ) အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

ကဗျာဆရာမင်းဘုန်းနိုင်က ဒီးမော့ဆိုမြို့နယ်ကနေ မယ်စဲ့မြို့နယ်ကို သွားရာလမ်းမှာ ကရင်နီတပ်ပေါင်းစုထံ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အသတ်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဥ်အမှန်ကိုတော့ ကန္တာရဝတီတိုင်း (မ်) လည်း စုံစမ်းနေဆဲဖြစ်ပြီး အတိအကျတော့ မသိရသေးပါဘူး။ ဖြစ်စဥ်နဲ့ဆက်စပ်ပြီး ကရင်နီရဲတပ်ဖွဲ့ KSP တာဝန်ခံ ဦးဘိုဘိုကို မေးမြန်းရာမှာလည်း အကြောင်းပြန်ခြင်းမရှိသေးပါဘူး။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားကတော့ “စုံစမ်းစစ်ဆေးမှု စနေတယ်နော်” လို့ပဲ ပြောပါတယ်။

ကဗျာဆရာ မင်းဘုန်းနိုင်က လမ်းခရီးမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရာမှ သေဆုံးမှုဖြစ်ခဲ့တာလို့ ကဗျာဆရာအသိုင်းအဝိုင်းက ဓာတ်ပုံ စခရင်ရှော့တွေနဲ့ အွန်လိုင်းမှာ ‌ရေးသားပြောဆိုကြပြီး အမှန်တရားကို ဖော်ထုတ်ဖို့လိုကြောင်းလည်း ပြောဆိုကြပါတယ်။ မျှဝေထားတဲ့ ဓာတ်ပုံထဲမှာလည်း ကဗျာဆရာမင်းဘုန်းနိုင်ကို လက်နှစ်ဖက်ကို ကြိုးတွေနဲ့ချည်နှောင်ထားတာကို တွေ့ရပါတယ်။

ကဗျာဆရာ မင်းဘုန်းနိုင်ကို KSP ရဲစခန်းမှာ ထိန်းသိမ်းထားစဥ် သေဆုံးခဲ့တာလို့လည်း သတင်းတွေထွက်ပေါ်နေပေမဲ့ KSP ကတော့ ဘာမှ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

ကဗျာဆရာ မင်းဘုန်းနိုင်က အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီးနောက် တော်လှန်ရေးလှုပ်ရှားမှုမှာဆက်လက်ပါဝင်လာခဲ့ပြီး လက်နက်၊ ငွေကြေး ထောက်ပို့ခဲ့ပေမဲ့ ငွေကြေးအလွှဲသုံးစားပြုလုပ်ခဲ့တယ်လို့ မသေဆုံးမှီရက်ပိုင်းအတွင်း ပြောဆိုခဲ့ဖူးကြောင်း သူနဲ့တွေ့ဆုံခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ခရီးထွက်တုန်းက ကျမနဲ့ လမ်းမှာဆုံတော့ သူစကားအများကြီးပြောခဲ့တာပေါ့နော။ အရင်က သူတော်လှန်ရေးနဲ့ ပတ်သတ်ရင် ထောက်ပို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ငွေအလွှဲသုံးစားလည်းလုပ်ခဲ့တယ် ဆိုပြီးတော့ပေါ့။ ဗမာပြည်ဖက်မှာ အရှုပ်အရှင်းများလာလို့ သူက ကရင်နီပြည်ဖက်ကို တိမ်းရှောင်လာလို့ ပြောတယ်ရှင့်။ ကရင်နီမှာရောက်တော့ ဘုန်းကြီးဝတ်တာပေါ့နော။ ဘုန်းကြီးဝတ်တော့လည်း ငွေကြေးအရှုပ်အရှင်း ကိစ္စတွေကြောင့် ဒလန်လို့လည်း စွပ်စွဲခံရတယ်လို့ သူကိုယ်တိုင်ပြောပြတာပေါ့နော။ ကျမလည်း အတိအကျတော့ မသိရဘူးရှင့်” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကဗျာဆရာမင်းဘုန်းနိုင်က “မြို့ထဲကို စစ်ကားတွေဝင်လာပြီးကတည်းက” ဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ်ကို ထုတ်ဝေရောင်းချခဲ့ပြီး တော်လှန်ရေး ရန်ပုံငွေကိုထောက်ပံ့ပေးခဲ့ကြောင်း သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူဟာ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ ဦးစီးအရာရှိ ရာထူးအဖြစ်တာဝန်ထမ်းဆောင်ရာကနေ ၂၀၂၁ ခုနှစ်မှာ အကြမ်းမဖက်လှုပ်ရှားမှု CDM အဖြစ်ပါဝင်ခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ