spot_img
22.7 C
Loikaw
Saturday 24, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲစစ်ကော်မရှင် အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ လွိုင်ကော်မြို့က လူထုတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆိုဖို့ မဝံ့ရဲကြဘူးလို့ မြို့ခံတွေဆို

စစ်ကော်မရှင် အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ လွိုင်ကော်မြို့က လူထုတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆိုဖို့ မဝံ့ရဲကြဘူးလို့ မြို့ခံတွေဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းက လူထုတွေဟာ စစ်ကော်မရှင် ရဲ့ အုပ်ချုပ်ရေးအောက်မှာ နေထိုင်ရတာကြောင့် နိုင်ငံရေး နဲ့ ရွေးကောက်ပွဲအကြောင်းအရာတွေကို ပြောဆိုဖို့ ကြောက်နေကြပြီး၊ ပြောဆိုမိပါက ဖမ်းဆီးထောင်ချခံရနိုင်တာကြောင့် လွတ်လပ်စွာပြောဆိုခွင့်တွေ ဆုံးရှုံးနေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကာလမှာလည်း လွိုင်ကော်မြို့နယ်မဲဆန္ဒနယ်ကနေ ရွေးကောက်ခံမယ့် ပါတီ ၊ ကိုယ်စားလှယ်လောင်းတွေက ရပ်ကွက်အလိုက် မဲဆွယ်စည်းရုံးရေးဆင်းနေကြပေမယ့် လူထုတွေက စိတ်ဝင်စားမှု မရှိကြဘူးလို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။

“ ရွေးကောက်ပွဲကို လူတွေစိတ်မဝင်စားကြဘူး။ ပြောဆိုတဲ့သူတွေလည်း သိပ်မရှိပါဘူး။ နိုင်ငံရေးနဲ့ မကင်းဘူးဆိုတော့လေ။ ပြိုင်မယ့်သူတွေအကြောင်းကိုလည်း သေချာမသိကြတာများတယ်။ လူတိုင်းကတော့ ကိုယ့်ဝမ်းရေးကိုပဲ အာရုံစိုက်ကြတာပေါ့။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ TikTok (တစ်တော့) မှာတော့ စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေက လမ်းဆုံလမ်းခွတွေမှာ ပါတီဆိုင်းဘုတ်ထောင်တာ၊ လူထုတွေနဲ့တွေ့ဆုံတဲ့ စည်းရုံးရေး လှုပ်ရှားမှုတွေကို မျှဝထားကြပါတယ်။ မြို့ခံလူထု အများစုတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာအပြင် အချင်းချင်းကြားမှာလည်း ပြောဆိုသံ မကြားရဘူးလို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေပြဌာန်းပြီးနောက် ၃လအတွင်း ဖမ်းဆီးအရေးယူခံရသူ (၈၈) ဦးရှိတယ်လို့ မြန်မာအင်တာနက်ပရောဂျက် ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲ့ဒီထဲ ကရင်နီပြည် ၊ လွိုင်ကော်မြို့က အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ၅ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးထောင်ချထားတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“ ပိုက်ဆံလိုက်တာတောင် ထောင် ၈ နှစ်ကျတယ်လို့ ကြားတယ်။ တယောက်ပဲပေါ့ ကျန်တဲ့သူတော့ မသိဘူး။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့က ဖမ်းဆီးခံရတဲ့ ၅ဦးဟာ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေတဲ့ အပြုအမူကို လုပ်ဆောင်ခဲ့တယ်လို့ စစ်ကော်မရှင်က စွပ်စွဲပြောဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ ဖမ်းဆီး အရေးယူခံထားရသူတွေ အများစုဟာ လူမှုကွန်ရက်မီဒီယာအသုံးပြုပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာ၊ လူမှုကွန်ရက်မီဒီယာပိုစ့်တွေကို တုန့်ပြန်မှု(react) ပေးတာကြောင့် အရေးယူခံနေရတာပါ။ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခံရမှုထဲ အနုပညာအသိုင်းအဝိုင်းထဲက ဒါရိုက်တာနဲ့ သရုပ်ဆောင် ၅ ဦးလည်း ပါဝင်ပါတယ်။

မြန်မာအင်တာနက်ပရောဂျက်(MIP)ရဲ့ စာရင်းအရ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အဖွဲ့အစည်း(၄)ခု၊ သတင်းမီဒီယာနဲ့ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် သတင်းမျှဝေပေးနေတဲ့ အင်တာနက်စာမျက်နှာ(၃)ခုကို တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် ပြဌာန်းတဲ့“ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေး ဥပဒေ “ က ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပြီး လူသေဆုံးမှု ဖြစ်ပါက သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

“မြန်မာအင်တာနက်ပရောဂျက်” အဖွဲ့ကတော့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် နဲ့ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်တွေကို တိုက်ရိုက်ခြိမ်းခြောက်တာ၊ ယင်းဥပဒေကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ