ကန္တာရဝတီတိုင်း (မ်)
အရပ်ဖက်အဖွဲ့ CSO တချို့ နဲ့ တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ၊ စစ်တက္ကသိုလ် DSA ဆင်း အဖွဲ့တို့က ရှိနှင့်နေပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EROs တွေကို ဦးဆောင်ထိန်းချုပ်ဖို့ ရည်ရွယ်နေကြတယ်လို့ ကယန်းပြည်သစ်ပါတီ KNLP က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အဆိုပါ CDMs ၊ DSAs ၊ CSO အဖွဲ့တွေက လက်နက်ကိုင်တပ်ဖွဲ့ EROs တွေကို သူတို့ရဲ့ဦးဆောင်မှုအောက် ရောက်ရှိစေရေး အကွက်ကျလုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။
အဆိုပါ အဖွဲ့တွေက နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ ပြည်သူလူထုတွေကို အသံကောင်းဟစ်ပြနိုင်ပေမယ့် တပြည်လုံးအတွက် ကြံ့ခိုင်၊ ခိုင်မာတဲ့ နိုင်ငံရေးခေါင်းဆောင်မှုမရှိဘူးလို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းတွေက စနစ်တကျ လိမ်လည်ပြီး ပြည်သူလူထုကို အုပ်ချုပ်ရင်း ကိုယ်ကျိုးရှာနေခြင်းသာ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။
တော်လှန်ရေးကာလမှာ တရားဝင်အစိုးရလို့ ရပ်ခံထားတဲ့ NUG အစိုးရနဲ့ တဖက်မှာ စစ်အုပ်စုက NLD ပါတီက မဲခိုးပြီး တိုင်းပြည်အဖျက်အမောက်လုပ်တယ်လို့စွပ်စွဲရင်း အားပြိုင်နေတဲ့ကြားက ပြည်သူလူထုတွေသာ မြေစာပင် ဖြစ်နေတယ်လို့ ပြောပါတယ်။
အားပြိုင်နေတဲ့ အဖွဲ့ နှစ်ခုကြားမှာ CDMs ၊ DSAs ၊ CSOs အဖွဲ့တွေကသာ ခြယ်လှယ်နေတာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ကယန်းပြည်သစ်ပါတီရဲ့ ထုတ်ပြန်စာအောက်မှာတော့ သဘောထား အမြင်ကွဲပြားနေတဲ့ ကောမန့်တွေကိုလည်း တွေ့ရပါတယ်။
တဖက်မှာလည်း ကယန်းပြည်သစ်ပါတီက တာဝန်ပေးအပ်ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲနဲ့ ကယန်းပြည်သစ်ပါတီအုပ်ချုပ်နယ်မြေမှာ တခြား အရပ်ဖက်အဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့တုန်းကလည်း ကယန်းပြည်သစ်ပါတီက ကယန်းဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသအတွင်းမှာ ဘယ်အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ အခြားကိစ္စအရပ်ရပ်ကို ဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ဖို့ ပြင်းထန်စွာတားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။







