spot_img
Homeသတင်းမြန်မာပြည်သူတွေရဲ့ဒီမိုကရေစီဆန္ဒကို ဖော်ဆောင်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ အပါဝင် လွှတ်တော်ကိုယ်စားပြုအဖွဲ့ ၁၆ ဖွဲ့ တိုက်တွန်း

မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီဆန္ဒကို ဖော်ဆောင်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ အပါဝင် လွှတ်တော်ကိုယ်စားပြုအဖွဲ့ ၁၆ ဖွဲ့ တိုက်တွန်း

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ဖော်ဆောင်နိုင်မယ့် လက်တွေ့နိုင်ငံရေးရလဒ်တွေ ဖြစ်ပေါ်လာစေရေးအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ တိကျတဲ့ရလဒ်တွေကို အခြေခံဆောင်ရွက်ဖို့ ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ အပါဝင် လွှတ်တော်ကိုယ်စားပြုအဖွဲ့ ၁၆ ဖွဲ့က တိုက်တွန်းထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကနေ ထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင်တွေထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ အခုလို တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုကိုယ်တိုင် ရည်မှန်းချက်တခု မဖြစ်သင့်သလို၊ နိုင်ငံရေးတရားဝင်မှု ပေးအပ်သလိုမျိုးလည်း မဖြစ်သင့်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှု ရှိ၊ မရှိအပေါ် အခြေခံအကဲဖြတ်သင့်တယ်လို့ ဆိုပါတယ်။

အလားတူ အဆိုပါရည်မှန်းချက်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့လည်း ကိုက်ညီပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းတိုက်တွန်းထားပါတယ်။

အိတ်ဖွင့်ပေးစာမှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဈေးအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ထောက်ပြထားပြီး အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးတို့ကို အာဆီယံအနေနဲ့ ပိုမိုပြတ်သားစွာ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တို့ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတို့ကို အားဖြည့်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒအပေါ် အခြေခံပုံဖော်ရမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ ဒီမိုကရေစီဆန္ဒနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်တဲ့ လက်တွေ့နိုင်ငံရေးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေမှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနိုင်မယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ချင်းပြည် (Chinland) လွှတ်တော်နဲ့ အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မန္တလေးဒေသလွှတ်တော် ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော် စတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲပေးပို့ထားတာ ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ