ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းတကျောင်း လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၃၁ ရက်နေ့မှာ Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး အဆိုပါစာသင်ကျောင်းရှိရာကို ဗုံးအလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ စာသင်ကျောင်းဖြစ်ပြီး မြေပြင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေ နေထိုင်ရာနေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ခိုက်မှုတွေကြောင့် ကလေးတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလို ကျောင်းတက်ဖို့အတွက်ပါ လုံခြုံမှုမရှိတော့တဲ့ အခြေအနေဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ ပညာသင်ယူခွင့်ဟာ ဘယ်လိုပဋိပက္ခအခြေအနေမျိုးမှာမဆို ကာကွယ်ပေးရမယ့် အခြေခံအခွင့်အရေးတွေဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ရေမြာက ပြောပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ကြောင်းထုတ်ပြန်တာ၊ ရှုတ်ချကြောင်းပြောဆိုတာတွေနဲ့သာ ရပ်တန့်မနေဘဲ ဖြစ်စဉ်တွေကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ခြင်း၊ သက်သေအထောက်အထားတွေကို ထိန်းသိမ်းခြင်း၊ တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ခံစေခြင်းနဲ့ ထိခိုက်ခံစားရတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် ပြန်လည်ကုစားရေးတွေကို လက်တွေ့ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” လို့ မော်ရေမြာက ပြောပါတယ်။
ဒါ့အပြင် ကျောင်းသား၊ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးအတွက် ကြိုတင်အန္တရာယ်ဆန်းစစ်မှုတွေ၊ အရေးပေါ်သတိပေးစနစ်တွေ၊ ဘေးကင်းလုံခြုံရေးအစီအစဉ်နဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကိုလည်း မြေပြင်အဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
အလားတူ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးဌာနကလည်း အဆိုပါဖြစ်စဉ်ကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးကို အရေးပေါ်ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားပါတယ်။
စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCRC) ကို ချိုးဖောက်တာဖြစ်ကြောင်း IEC က ထောက်ပြထားပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့နဲ့ ကလေးငယ်တွေရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပေါ်အကာအကွယ်ပေးမှုတွေ ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
KnHRG ရဲ့ စာရင်းအရ ၂၀၂၆ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း နဲ့ ဒရုန်းတိုက်ခိုက်မှု ၃၅ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။







