spot_img
14.4 C
Loikaw
Tuesday 16, December 2025
spot_img
Homeသတင်းလွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌မိုးသီးနှံ ရိတ်သိမ်းလို့မရသေး

လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌မိုးသီးနှံ ရိတ်သိမ်းလို့မရသေး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်လင်လေးမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား နေ့စဥ် ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် မြို့နဲ့ အနီးအနားမှာ ဒေသခံတွေစိုက်ပျိုးထားကြတဲ့ စပါး၊ ပြောင်း စတဲ့သီးနှံတွေကို မရိတ်သိမ်းနိုင်သေးဘူးလို့ စစ်ဘေးရှောင်နေတဲ့ လွိုင်လင်လေးမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တချို့က စစ်နဲ့ အလှမ်းဝေးတဲ့ နေရာဆိုရင် ရိတ်သိမ်းလို့ရတယ်။ နီးတဲ့ လယ်ကွင်းတွေကျတော့ ရိတ်လို့မရဘူး။ ပြန်ရိတ်တဲ့သူတွေကျတော့လည်း လက်နက်ကြီးတွေ ပစ်ချတယ်။ တိုက်ပွဲတွေရှိနေတော့ ထိခိုက်မှာစိုးလို့ ရဲဘော်တွေ ပြန်မရိတ်ခိုင်းဘူး။ ပြောင်းတွေလည်း ချွေလို့ရမှာမဟုတ်တော့ဘူး။ အခုအခြေနေ ပိုတောင်ဆိုးလာနေတော့” လို့ သူက ပြောပါတယ်။

မရိတ်သိမ်းနိုင်သေးတဲ့ ခန့်မှန်းခြေ စပါးခင်း ဧက ၂၀ ကျော် နဲ့ ပြောင်းစိုက်ခင်း ဧက ၄၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။။ လွိုင်လင်လေးမြို့မှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတာနဲ့အမျှ တိုက်ပွဲက နေ့စဉ်ရက်ဆက် ဖြစ်နေတယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာလည်း စပါးစိုက်ပျိုးထားတဲ့ တောင်ယာမြေကို သွားလာတဲ့လမ်းမှာ စစ်ကော်မရှင်တပ်က မိုင်းထောင်ထားတာကြောင့် စပါးခင်းဧက ၅၀ ခန့်ကို မရိတ်သိမ်းနိုင်သေးဘူးလို့ ဖရူဆိုအရှေ့ဖက်ခြမ်းမှာနေတဲ့ ဦးအန်တောညိုက ပြောပါတယ်။

“စပါးတစ်နှစ်စိုက်လို့ရှိရင် (စပါး) မကောင်းလို့ရှိရင် တစ်နှစ်စာအတွက် စားဝတ်နေရေးက မဖူလုံဘူးလေး။ တစ်နှစ်စာလုံးအတွက်တောာ့။ အဲ့ဖက်မှာပဲ စိုက်ထားတဲ့ သူတွေကျတော့ စပါးလုံးဝမရခဲ့ဘူးလေး။ အဲတော့ တစ်နှစ်စာအတွက် ဆုံးရှုံးသွားတာပေါ့” လို့ သူက ပြောပါတယ်။

စပါးရိတ်သိမ်းလို့မရတဲ့ ဒေသခံတွေက လာမယ့်နှစ်အတွက် စားသောက်ဖို့လိုအပ်တဲ့ ဆန်ကို ဆွေမျိုးထံကနေ ချေးစားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်ဘေးရှောင်လူဦးရေ နှစ်သိန်းကျော် ရှိနေပြီး အများစုက စိုက်ပျိုးမြေမရှိတာကြောင့် အလှူရှင်အဖွဲ့အစည်းတွေ ထောက်ပံ့လှူဒါန်းပေးတဲ့ ဆန်ရိက္ခာကိုသာ မှီခိုနေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ