ကန္တာရဝတီတိုင်း ( မ် )
အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG ) ကနေ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတဲ့ ၃၃ ဦးထဲမှာ ဦးပိုးရယ်အောင်သိန်းနဲ့ စောဒန်နီယယ်တို့ ပါဝင်တယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ရဲ့ အဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားအဖြစ် ကြေငြာလိုက်တာပါ။
ဦးပိုးရယ်အောင်သိန်းဟာ လွိုင်ကော်ဇာတိဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်ဥက္ကဌ ဖြစ်သလို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း လွိုင်ကော်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဦးစောဒန်နီယယ်ကတော့ လွိုင်ကော်မြို့ ထူဒူငံသ ကျေးရွာ ဇာတိဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာတော့ အသစ် ဖွဲ့စည်းထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ ကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
ဦးစောဒန်နီယယ် နဲ့ ဦးပိုးရယ်အောင်သိန်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်အစိုးရက ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကာလုံ ဗဟိုအကြံပေးအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။
NUG က သတ်မှတ်တဲ့ အကြမ်းဖက်သမားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေ ၊ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။




