ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနေ့မှာ လွိုင်ကော်မြို့နယ်အရှေ့ခြမ်း တစ်နေရာကို စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး လူထုတချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက် ၉ နာရီ ၂၀ လောက်မှာ သူတို့(စစ်ကော်မရှင်) ပစ်တယ်။ ၃ လုံးလောက်ပစ်လာတယ်။ လူထု ၃ယောက်ထိသွားတယ်။ ၃ယောက်လုံးက အမျိုးသားတွေပဲ ။ အသက်ကတော့ ၃၀ ဝန်းကျင်တွေပဲ။ ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသား ၃ ဦးကို ဆေးကုသပေးနေစဉ် တစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ထိတာက ၃ယောက်။ အဲ့တာ တစ်ယောက်က ကုသရင်း သေသွားတာ။ ကျန်တဲ့ နှစ်ယောက်က တစ်ယောက်က ဝမ်းဗိုက်ထိတယ်။ ပြီး ခြေထောက်ထိသေးတယ်။ နောက်တစ်ယောက် ရင်ဘတ်ထိတယ်ပြောတယ်။” လို့ သူက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ လွိုင်ကော်မြို့နဲ့ နီးတဲ့ တပ်စခန်း တွေကနေ ပစ်ခတ်လာတယ်လို့ သိရပြီး ပစ်ခတ်ခဲ့တဲ့ စခန်းအတိအကျကိုတော့ ဒေသခံတွေက အတည်မပြုပေးနိုင်ပါဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ကျင်းပနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာပဲ လွိုင်ကော်မြို့ပြင် ပတ်ပတ်လည် နဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေဖက်ကို စစ်ကော်မရှင်က လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။




