Homeသတင်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ ဖရူဆိုမှာ မဲပေးဖို့က တပ်မိသားစုသာရှိတယ်လို့ ဒေသခံတွေပြော

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ ဖရူဆိုမှာ မဲပေးဖို့က တပ်မိသားစုသာရှိတယ်လို့ ဒေသခံတွေပြော

-

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပမဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း -၂ မှာ ကရင်နီပြည်က ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် ပါဝင်ပါတယ်။ ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်နေပေမယ့် ဖရူဆိုမှာ မဲပေးမယ့်သူတွေဟာ တပ်မိသားစုနဲ့ တပ်ထောက်ခံသူတွေသာ ရှိနေကြတယ်လို့ ဖရူဆိုဒေသခံတွေက ပြောကြပါတယ်။

“လူထုအနေနဲ့က မရှိဘူး၊ လူခေါ်ပြန်လာတာမျိုးလည်း မရှိဘူး၊ ပြီးတော့ ပြန်လာရင်လည်း ရွေးကောက်ပွဲ လုပ်ပေးမယ့် လူတွေလောက်ပဲ ပြန်လာတာ ဖြစ်မယ် (သို့မဟုတ်ရင်) တပ်မိသားစုလောက်ပဲ ဖြစ်မယ်” လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာတော့ စစ်ကော်မရှင်ရဲ့ အခြေစိုက်စခန်းတွေ နဲ့ ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင် တပ်စွဲထားပြီး ဒေသခံပြည်သူတွေကတော့ စစ်ဘေးတိမ်းရှောင်နေကြတာပါ။

ဖရူဆိုမြို့ပေါ်မှာတော့ ရွေးကောက်ပွဲအတွက် လုံခြုံရေးတွေ ချထားသလို၊ စစ်ကော်မရှင်တပ်သားတွေက အရပ်ဝတ်နဲ့ တပ်ပြင်ထွက်ပြီး မြေမြုပ်မိုင်းတွေ လိုက်ထောင်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ထဲ လူပြန်နေတာမျိုးတော့ မကြားမိဘူး၊ စစ်တပ်အနေနဲ့က ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတော့ ကြားတယ်” လို့ ဖရူဆိုမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ အခုရက်ပိုင်းအတွင်းမှာ စစ်ရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဖရူဆိုမြို့အပြင် ဒီးမော့ဆိုမြို့မှာလည်း ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း(၂) ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမယ့် မြို့နယ်ပေါင်း (၁၀၀) မြို့နယ် ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ