ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ခြမ်းက ဖရဲသီးစိုက်ပျိုးကြတဲ့ လွိုင်နန်းဖမြို့နယ်ထဲမှာ ဒီနှစ်အတွင်း ပြီးခဲ့တဲ့နှစ်တွေထက် ဖရဲသီးစိုက်သူတွေ ပိုနည်းလာတယ်လို့ ဖရဲသီးစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။ဖရဲသီးစိုက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေနဲ့ မျိုးစေ့စျေးနှုန်း ကုန်ကျစရိတ်မြှင့်တက်လာလို့ စိုက်တောင်သူတွေ ပိုနည်းလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အရင်နှစ်ကတော့ အများကြီးစိုက်ကြတယ်။ ဒီနှစ်ကျတော့ တအားနည်းတယ်။ ဒီးနားတဝိုက်ဆို သုံးယောက်၊ လေးယောက် အလွန်ဆုံး အဲ့လောက်ပဲရှိတယ်။ အရင်နှစ်ကျတော့ ဆယ်ယောက်မက လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကြီးတာတချက်၊ မြေထဲမှ ရေစိမ့်ထွက်တာတစ်ချက် နောက်ကုန်ဈေးနှုန်းမြင့်တက်တာ တစ်ချက်၊ မိုးကာလိပ်၊ မျိုးစေ့ ကုန်ဈေးနှုန်းမြင့်တက်တာလည်း ပါတာပေါ့” လို့ ဖရဲသီးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
အရင်နှစ်က မိုးကာလိပ် တစ်လိပ်ကို မြန်မာကျပ်ငွေ (၈၀,၀၀၀) သာ ပေးဝယ်ရပြီး ယခုနှစ်မှာတော့ တစ်လိပ်ကို (၁၇၀,၀၀၀) ကျပ်အထိ ဈေးနှုန်းတွေမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျိုးစေ့ကလည်း ယခင်နှစ်က တစ်ထုပ်ကို မြန်မာကျပ်ငွေ (၁၅,၀၀၀) ကနေ ယခုနှစ်မှာတော့ ( ၃၀,၀၀၀) ကနေ (၅၀,၀၀၀) အထိ မြှင့်တက်လာတယ်လို့လည်းသူက ဆက်ပြောပါတယ်။
လွိုင်နန်းဖမြို့နယ်ထဲမှာ အဓိကအားဖြင့် ဒေသအခေါ်အဝေါ်အရ ဟိုတယ်ဖရဲမျိုးစေ့ နဲ့ ဟီးရိုးဖရဲစေ့ ဆိုပြီး ဖရဲသီးမျိုးနှစ်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ဟိုတယ်မျိုးစေ့က ပိုဈေးကြီးတယ်လို့ ဆိုပါတယ်။
“ဒီတစ်ခွင်ဆို စစိုက်တဲ့နှစ်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်ဆို ကုန်ဈေးနှုန်းလဲ နည်းတယ်။ မိုးကာတစ်လိပ်မှ ရှစ်သောင်း ဖရဲသီးမျိုးစေ့ တစ်ထုပ်မှ တစ်သောင်းခွဲ အဲ့လောက်ပဲရှိတယ်။ ပြီးရင် ရေပြသနာလဲမရှိဘူး။ကုန်ဈေးနှုန်းလဲ အဲ့လောက်မရှိတော့ ဖရဲသီးလဲကောင်းတယ်။ အမြတ်လဲရတယ်။ ဒီနှစ်ကျတော့ အဲ့လိုမဟုတ်ဘူး (၁၇) သိန်းတောင် ရင်းရတယ်။ အမြတ်ကတော့ မပြောနိုင်သေးဘူးပေါ့။ လောလောဆယ်ခြေနေကတော့” လို့ ဆိုပါတယ်။
ဖရဲသီးစိုက်တောင်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် ငလျင်နောက်ဆက်တွဲအနေနဲ့ ဖရဲစိုက်ခင်းတွေအတွင်း ရေမထွက်တဲ့နေရာတွေမှာ ရေစိမ့်ထွက်လာတာကြောင့် စိုက်ပျိုးမှုနည်းလာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လွိုင်းနန်းဖမြို့နယ်ထဲက ဖရဲသီးစိုက်တောင်သူတွေဟာ ဧကဝက်ကို ရင်းနှီးငွေ (၁၇) သိန်းကုန်ကျတယ်လို့ တောင်သူတွေက ပြောပါတယ်။




