spot_img
23.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းထိုင်းကိုရောက်သွားတဲ့ စစ်သုံ့ပန်း အကျဉ်းသား ၆၈ ဦးကို ထိုင်းက စစ်ကော်မရှင်ထံ လွှဲပြောင်း

ထိုင်းကိုရောက်သွားတဲ့ စစ်သုံ့ပန်း အကျဉ်းသား ၆၈ ဦးကို ထိုင်းက စစ်ကော်မရှင်ထံ လွှဲပြောင်း

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်၊ အကျဥ်းထောင် အမှတ် ၂ ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသား (၈၆) ဦးထဲက ထိုင်းဖက်ကို ရောက်ရှိလာတဲ့ အကျဉ်းသား (၆၈) ဦးကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင်ထံကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က မြဝတီ – မဲဆောက် ၊ အမှတ်(၂) ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းစစ်တပ်က ဦးဆောင်ပြီး လွှဲပြောင်းခဲ့တာလို့ နယ်စပ်သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို ပြန်လည်လွှဲပြောင်းနေတဲ့ ဓါတ်ပုံမှတ်တမ်းတချို့ ဒီကနေ့မှာပဲ ဖေ့ဘွတ် လူမှုကွန်ယက်မှာ ပြန့်နှံ့နေသလို စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ အဆိုပါ စစ်သုံ့ပန်းအကျဉ်းသားတွေဟာ လက်နက် ၉ လက်နဲ့အတူ အကျဉ်းထောင်ကနေ ထွက်ပြေးလွှတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထိုင်းဘက်က ပထမဆုံး ဖမ်းမိထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား၊ ဗိုလ်မှူးအဆင့်ရှိသူ ပိုင်စိုးသူ အပါအဝင် နောက်ထပ် ဖမ်းမိထားတဲ့ အကျဥ်းသားတွေအားလုံးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားပြီး အကျဉ်းသားတွေက မြန်မာအစိုးရ(စစ်ကော်မရှင်)ထံ ပြန်အပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ထိုင်းအာဏာပိုင်ဆီမှာ လက်နက်ချလိုက်တဲ့ မယ်စဲ့ထောင်က စစ်သုံ့ပန်း အကျဥ်းသားတွေကို နိုင်ငံတကာစစ်ဥပဒေအရ မြန်မာအစိုးရ(စစ်ကော်မရှင်)ဆီ ပြန်လွှဲအပ်ပေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ပြောထားပြီးနောက် တစ်ပတ်အကြာမှာပဲ လွှဲပြောင်းပေးခဲ့တာပါ။

IEC စာရင်းအရ ထွက်ပြေးလွှတ်မြောက်တဲ့ အကျဉ်းသား ဦးရေ (၈၆) ဦးအနက် ထိုင်းနိုင်ငံဖက် ရောက်ရှိသွားတဲ့ အကျဉ်းသား (၆၈)ဦးက စစ်ကော်မရှင်ထံ ပြန်လည်ရောက်ရှိသွားတာပါ။ ကျန်တဲ့ အကျဉ်းသား (၁၃) ဦးကို ပြန်လည်ဖမ်းဆီးမိပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ အကျဉ်းသားတွေ ရှိတယ်လို့ ကြားသိရပေမယ့် IEC ကတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အလားတူ စစ်ကော်မရှင်ပြန်ကြားရေးဌာနကလည်း ထိုင်းကနေ လွှဲပြောင်းလာတဲ့ စစ်သုံ့ပန်းအကျဉ်းသား အကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ