စောအယ်ကညော (ကန္တာရဝတီတိုင်း(မ်))
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ အနောက်ခြမ်းက “လက်ပံကွင်း” ဆိုတဲ့ စစ်ရှောင်စခန်းရဲ့ ကျောင်းလေးမှာ ညနေကျောင်းဆင်းခေါင်းလောင်းထိုးသံနဲ့အတူ လွယ်အိတ်လေးတွေကိုယ်စီလွယ်ထားတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ တဲအိမ်လေးဆီကို ဘယ်သူအရင်ရောက်မလဲဆိုပြီး အပြိုင်ပြေးလွှားနေကြပါတယ်။
ကျောင်းသား၊ကျောင်းသူတွေဆိုပေမဲ့ သူတို့မှာ တူညီတဲ့ ကျောင်းယူနီဖောင်းတွေ မရှိပါဘူး။ လှပတဲ့ လွယ်အိတ်လေးတွေလည်း မရှိပါဘူး။ စုံလင်တဲ့ သင်ထောက်ကူ၊ ဖတ်စာအုပ်၊ ရေးစာအုပ်တွေ မရှိကြပါဘူး။ သူတို့မှာ တူညီတဲ့ တခုတည်းသောအရာ တခုသာရှိပါတယ်။ အဲဒါကတော့ ကျောင်းတက်ချင်တဲ့စိတ်။ ကောင်းကောင်းမွန်မွန် စာသင်ချင် လေ့လာချင်တဲ့စိတ်ပါပဲ။
အသက်အရွယ်အားဖြင့် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားသာရှိသေးတဲ့ ဒီကလေးငယ်တွေဟာ
အိမ်ရောက်ပြီးလို့ လွယ်အိတ်ပစ်ချကာ ကလေးတွေသဘာဝ ဆော့ကစားရမယ့်အစား၊ မိဘတွေကို ကူပြီးရေခပ်တာ၊ ထင်းရှာထွက်တာတွေကို လုပ်နေကြတဲ့အပြင်၊ အကြီးတန်းအရွယ် ကျောင်းသူကျောင်းသားတွေကတော့ မိသားစုအတွက် ထမင်းဟင်းချက်တာတွေကို ကူညီနေကြပါတယ်။
စာသင်နှစ်ပြီးဆုံးတော့မယ့်အချိန်ဖြစ်လို့ စာမေးပွဲတွေ နီးလာပြီဆိုပေမဲ့ မိဘတွေကို ကူဖို့ကို တတ်နိုင်သလောက် ကြိုးစားနေကြတာပါ။
သူတို့လေးတွေရဲ့ စာကျက်ချိန်ကတော့ “ည” အချိန်မှသာ ဖြစ်ပါတယ်။ “ည” အချိန်မှာလည်း သူတို့လို ကျောင်းနေအရွယ် ကလေးတွေအတွက် “စာ” ကို လေ့လာဖို့၊ ကျက်မှတ်ဖို့ အလင်းရောင် ကောင်းကောင်း မရှိရှာပါဘူး။

လျှပ်စစ်မီးမရှိတာကြောင့် မဆိုစလောက်လင်းတဲ့ ဆိုလာမီး၊ ဖယောင်းတိုင်မီးတွေ သုံးပြီးစာကျက်နေကြသလို တချို့ဆိုရင် လက်နှိပ်ဓာတ်မီး၊ တချို့ဆို ဆီမီးခွက်တွေ သုံးနေကြသူတွေလည်း ရှိပါတယ်။ အဲ့ဒီ မှိန်မှိန်လေးသာလင်းတဲ့ အလင်းအောက်မှာ စာအုပ်ကို လက်နဲ့တင်းကျပ်စွာကိုင်ထားတဲ့ အနာဂတ် အိပ်မက် ကိုယ်စီရှိတဲ့ ကလေးငယ်တွေဟာ စာကျက်နေကြရပါတယ်။
“ကလေးတွေစာကျက်တာက ဖယောင်းတိုင် မီးထွန်းတယ်။ တချို့ဆိုလည်း ဓာတ်မီးလေးနဲ့ပေါ့” လို့ မိဘ တယောက်က သူ့တို့ စစ်ရှောင်စခန်းက ကလေးတွေ စာကျက်ရပုံကို ပြောပြပါတယ်။
စစ်ပွဲအခြေအနေကြောင့် နေရပ်က အိုးအိမ်စည်းစိမ်တွေကို စွန့်ခွါထွက်ပြေးနေရတဲ့ ကရင်နီက လူထုတွေဟာ လုံခြုံရာဒေသကို ထပ်ဆင့်၊ ထပ်ဆင့်ပြီး ရွှေ့ပြောင်းနေကြရတာကြောင့်လည်း ကလေးတွေရဲ့ ပညာရေးလမ်းကြောင်းက မတည်ငြိမ်ပါဘူး။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း ပညာသင်နှစ်တခုဟာ အမြဲတမ်း ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူး။
“လေယာဉ်လာရင် တခါတလေ ကြဲတာတွေရှိတော့ ကျောင်းတွေပိတ်ရတယ်။ အဲ့ကြောင့် သမီးတို့ စာကို ကောင်းကာင်း မသင်ရဘူးပေါ့။” လို့ ၈တန်း ကျောင်းသူ တဦးဖြစ်တဲ့ မဂျဲနီက သူတို့ကြုံဖူးခဲ့တာတွေကို ပြောပြပါတယ်။
မဂျဲနီကတော့ သူနာပြုဆရာမ ဖြစ်ချင်သူပါ။ ဝါသနာအရကလည်း Dancer (အကသမား) ဖြစ်ဖို့ ကြိုးစားနေသူပါ။
ကရင်နီပြည်က စာသင်ကျောင်းအများစုဟာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖြစ်ကြတဲ့အပြင် စစ်ဘေးရှောင်တွေ အများစုဖြစ်နေကြတဲ့အတွက် ကျောင်းဟာ လိုအပ်ချက်တွေများနေတယ်ဆိုတဲ့အကြောင်းကို စစ်ဘေးရှောင်ကျောင်းလေးမှာ စာသင်ကြားပေးနေတဲ့ ဆရာမ ဂျူးစတာ က အခုလိုပြောပါတယ်။

“စာရေးကိရိယာဆိုရင် IEC ကပံ့ပို့တဲ့ နည်းနည်းလေးပဲရဖူးတယ်။ လုံလောက်မှုမရှိဘူး။ စာရေးကိရိယာတွေလည်း လိုအပ်တယ်။ မှင်ရည်တို့၊ Marker pen၊ white board တို့ လိုတယ်။ ဗလာစာအုပ်တို့၊ Text book တွေလည်း မရှိဘူး။” လို့ အားမလိုအားမရဖြစ်နေတဲ့ ဟန်နဲ့ပြောပြပါတယ်။
စစ်ရှောင်ဖြစ်တဲ့အတွက် ကျူရှင် မရှိပါဘူး။ တချို့သောမိဘတွေဆိုရင် သူတို့ကိုယ်တိုင်ကလဲ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ရတဲ့အတွက် ကလေးတွေကို ပြန်လည်မသင်ကြားပေးနိုင်ကြပါဘူး။
ကလေးတွေဟာ အချင်းချင်း အတန်းကြီးဖြစ်တဲ့ အမက ညီမကို ပြန်လည်ပြောပြ၊ သင်ပြရင်းနဲ့ပဲ ညဘက် စာလေ့လာကြတာ ဖြစ်ပါတယ်။
“အဒေါ်တို့ ခေတ်တုန်းကဆိုလည်း ကယားပြည်နယ်မှာ နေသာနေတယ်။ ရေအားလျှပ်စစ် စက်ရုံရှိပေမဲ့ မီးဆို ခရမ်းချဉ်သီးမီးလိုပဲ၊ နီနီရဲရဲနဲ့ မီးမလုံလောက်တော့ အဒေါ်တို့ဆို ဖယောင်းတိုင်မီးနဲ့၊ ဖယောင်းတိုင် မဝယ်နိုင်တဲ့ အချိန်မှာဆို အဒေါ်က ထင်းရူးဆီနဲ့ မီးဖိုဘေးမှာ စာအုပ်ကိုင်ပြီး ဖတ်ရတယ်ပေါ့။ အခုဆို ကလေးတွေလည်း ကျမတို့ခေတ်လို ပြန်ရောက်နေသလိုပဲ ခံစားရတယ်” လို့ ဒေါ်ထရေးဇာက ပြောပြပါတယ်။
သူမတို့ ခေတ်က အကြောင်းကို ပြန်ပြောင်း ပြောပြနေရင်း သူမရဲ့ အသံဟာ တိမ်ဝင်သွားပါတယ်။
မိဘဖြစ်သူတွေရဲ့ လက်ထက်တင်မက သားသမီးလက်ထက်တိုင် ကြုံလာရတဲ့ စစ်ရဲ့ ဆိုးမွေလို့ခေါ်မလား ဒါမှမဟုတ် အာဏာရှင်ရဲ့ ဆိုးမွေတွေလို့ ခေါ်မလား၊ ဒီအရာတွေကို သူမရဲ့ မျိုးဆက်တွေ ထပ်မံကြုံတွေ့ရတဲ့အခါ ဒေါ်ထရေးဇာတယောက် စိတ်မကောင်းဝမ်းနည်းနေပါတယ်။
ဆောင်းအကုန် နွေအကူးကာလ ဖြစ်တာကြောင့် ဖယောင်းတိုင်လေးနဲ့ စာကျက်နေချိန်မှာလည်း သတိထားပြီး နေရပါတယ်။ စစ်ရှောင်စခန်းမှာက တဲအိမ်လေးတွေ ပူးပူးကပ်ကပ် ရှိကြတာမို့လို့ မီးလောင်ရင် မိသားစုတွေတင်မဟုတ်ပဲ ဘေးအိမ်က စစ်ဘေးရှောင်တွေအတွက်လည်း စိုးရိမ်ရပြန်ပါတယ်။
မီးဘေးကြောက်ရတာကြောင့်လည်း တချို့မိဘတွေက ကလေးတွေစာကျက်မှတ်နေချိန်မှာ စာမသင်ပေးနိုင်ကြပေမဲ့ အန္တရာယ်ကင်းဖို့ မှေးလျှက်သားတခါ၊ ငိုက်ပြီး တလှည့်နဲ့ စောင့်ကြည့်ပေးနေကြပါတယ်။
အနာဂတ်မှာ ထွန်းတောက်လာမယ့် မျိုးဆက်ငယ်လေးတွေဟာ ယခုလို မလုံလောက်တဲ့ အလင်းရောင်တွေကြား ရှေ့ဘဝ သာယာလှပဖို့ ကိုယ်တိုင် ထုဆစ်နေကြရပါတယ်။

“ကလေးတွေ စာကျက်တာ အမြင်အာရုံက တအားစူးစိုက်ရတော့ မျက်လုံးခိုက်မှာတော့ စိုးရတယ်ပေါ့နော်။ အဲ့လိုအနေအထားဆို ကလေးတွေက မျက်စိတွေမှုန်လာပြီး မျက်မှန်တွေ တပ်ရတဲ့ အနေအထားထိဖြစ်နိုင်တယ်ပေါ့။ စစ်ရှောင်ဖြစ်တော့ အလုပ်အကိုင်လည်း မရှိတော့ ဆိုလာမီးသီး ဝယ်ဖို့လည်း အဆင်မပြေဘူးပေါ့နော်” လို့ ကျောင်းသားမိဘတဦးက အဆင်မပြေတဲ့ မိသားစုအခြေအနေတွေ ပြောပါတယ်။
ဒီလို ညဖက်စာကျက်ရင်း လေယာဉ်လာရင်လည်း မီးကိုအမြန်မှုတ်၊ အမြန်ပိတ်ရတဲ့ အခိုက်အတန့်တွေကလည်း စစ်ရှောင်မိသားစုဝင်တွေကြား မရေတွက်နိုင်အောင် ကြုံခဲ့ရပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံက တခြားပြည်နယ်နဲ့ တိုင်းတွေကို အလင်းပေးနေတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ကရင်နီပြည် လောပိတမှာ ရှိတာပါ။ ဒါပေမဲ့ ရှမ်း-ကရင်နီနယ်စပ် သာမက ကရင်နီ ဒေသက ကလေးငယ်လေးတွေဟာ ဖယောင်းတိုင်နဲ့ စာကျက်ရတုန်းပါ။
အမှောင်ထဲတွင် စာကျက်ရခြင်းဟာ သူတို့လို ကလေးလေးတွေရဲ့ ရွေးချယ်မှုမဟုတ်ပါဘူး။ သို့ပေမဲ့ အမှောင်ထဲကနေ အလင်းရောင်ဆီကို လှမ်းလာနေတဲ့ မျှော်လင့်ချက် ခြေလှမ်းတွေကိုတော့ ဘယ်သူတားနိုင်ပါမလဲ။ မပီပြင်တဲ့ ဖယောင်းတိုင် သို့မဟုတ် ဆီမီးခွက်ရဲ့ အလင်းရောင်အောက်က စာရွက်တွေပေါ်မှာ ရေးသားထားတဲ့ စာလုံးတိုင်းဟာ ကလေးတယောက်ချင်းစီရဲ့ အနာဂတ်ကို ပုံဖော်နေတာဖြစ်ပါတယ်။
အဲ့ဒီ အနာဂတ်ကို လင်းစေဖို့ အမှောင်ထဲက နေလာတဲ့ အလင်းသေးသေးလေးတွေကနေ ကြီးမားတဲ့ အလင်းရောင်လေးတွေ ဖြစ်လာဖို့ဆိုရင် အားလုံးရဲ့ လက်တွဲပါဝင်မှုက မဖြစ်မနေ လိုအပ်နေပါတယ်။





