spot_img
Homeဆောင်းပါး"စစ်၊ စားဝတ်နေရေး နှင့် ပညာရေးကြားက ကျောင်းသားလူငယ်တို့၏ အနာဂတ်"

“စစ်၊ စားဝတ်နေရေး နှင့် ပညာရေးကြားက ကျောင်းသားလူငယ်တို့၏ အနာဂတ်”

-

ကန္တာရဝတီတိုင်း(မ်)

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းကျောင်းသားတဦးဖြစ်ခဲ့တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ ကိုဗစ် ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် သူမျှော်လင့်ထားတဲ့ ပညာရေးလမ်းကြောင်းကို ဆက်မလျှောက်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတော့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တခုထဲမှာ လေးနှစ်ခန့် ပါဝင်ရင်း စစ်အာဏာရှင်ကို တွန်းလှန်ခဲ့ပြီးနောက် အခုအချိန်မှာတော့ အိမ်နီးချင်းနိုင်ငံတခုမှာ အလုပ်လုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို တာဝန်ယူနေရပါတယ်။

“စစ်ရှောင်ရတာအချိန်ကြာလာတော့ စားဝတ်နေရေး ခက်ခဲလာတာပေါ့။ ပိုဆိုးတာက ညီငယ်၊ ညီမငယ်လေးတွေရဲ့ ပညာရေးပါခက်ခဲလာတာကြောင့် ရဲဘော်ကနားပြီး အလုပ်ထွက်လုပ်ဖို့ထိ အခြေအနေက တွန်းပို့ခံလိုက်ရတာပါပဲ။” လို့ ကိုပီတာ(အမည်လွှဲ) က ပြောပါတယ်။

မိသားစုအတွင်း အကြီးဆုံးသားဖြစ်တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ အာဏာသိမ်းပြီးနောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှာ လေးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ရှောင်ဘဝ ကြာရှည်လာမှုကြောင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူဖို့ ပညာရေးကို လက်လျှော့ခဲ့ရပါတယ်။ သူ့လို ကျောင်းသားတွေ ကရင်နီမှာ သူတဦးတည်း မဟုတ်တော့ပါဘူး။

စစ်ပဋိပက္ခအတွင်း တော်လှန်‌ရေးထိန်းချုပ်နယ်မြေမှာ ကျောင်းဖွင့်ရတာမလွယ်ကူဘူးလို့ ပညာရေးဝန်ထမ်းတွေက ပြောကြပါတယ်။ အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးခြင်း၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး အန္တရာယ်ကြောင့် ကျောင်းပိတ်တာ၊ ကျောင်းရွှေ့တာတွေလုပ်နေရတဲ့ ကျောင်းတွေလည်း မနည်းတော့ပါဘူး။

ဒီကြားထဲမှာ ကျောင်းသားတွေရဲ့ စာရင်းက လစဥ်လတိုင်း အတက်အကျရှိတယ်လို့လည်း ပညာရေးဝန်ထမ်းတွေကတော့ ပြောကြပါတယ်။ ကျောင်း တကျောင်းထဲမှာ အေးအေး‌ဆေးဆေးနဲ့ စာသင်နှစ်ပြီးတဲ့အထိ တက်ရတဲ့ ကျောင်းသားတွေရှိပေမဲ့လည်း စစ်ရေးအခြေအနေကြောင့် နီးစပ်ရာကျောင်းဆီကို ကျောင်းပြောင်းရတဲ့ ကျောင်းသားတွေတချို့ကတော့ စာသင်ဖို့အခွင့်အရေး ဆုံးရှုံးတာတွေ ရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီး ပညာရေးဝန်ထမ်း တဦးက ပြောပါတယ်။

“ကျောင်းသားတွေက စာသင်နှစ် နှစ်ဝက်လောက်မှ သူတို့ကျောင်းပြောင်းလာတယ်ဆိုရင် တချို့ကျောင်းတွေက လက်မခံတော့ဘူးလေး။ အဲလိုဆို သူတို့က ကျောင်းနားလိုက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသားမိဘတွေရဲ့ ပြောကြားချက်အရ ကျောင်းသားတချို့က လက်နက်ကိုင်၊ စားဝတ်နေရေးနဲ့ ပညာရေး ကြားမှာ ဆုံးဖြတ်ချက်ဒွိဟ ဖြစ်နေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာမှာတော့ ကရင်နီက ကျောင်းသားတွေအတွက် ပညာရေးဟာ စာသင်ခန်းထဲကကိစ္စ တခုတည်းမဟုတ်တော့ပါဘူး။ စစ်ပဋိပက္ခ၊ စားဝတ်နေရေး အကျပ်အတည်းနဲ့ မရေရာတဲ့အနာဂတ်တို့ကြားမှာ သူတို့ဟာ နေ့စဉ်ရွေးချယ်မှုတွေကို ပြုလုပ်နေကြရပါတယ်။

တချို့က ကျောင်းဆက်တက်ဖို့ ရွေးချယ်ကြသလို၊ တချို့က တော်လှန်ရေးလမ်းကြောင်းကို ဆက်လျှောက်လှမ်းကြပါတယ်။ တချို့ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်လာကြရပါတယ်။

အခုလိုပညာသင်ကြားနှုန်း နည်းလာတာက ပြည်နယ်ရဲ့ အနာဂတ်အတွက် လူ့အရင်းအမြစ် ဆုံးရှုံးလာတော့မှာဖြစ်တယ်လို့လည်း IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာ က ပြောပါတယ်။

“ဒါဟာပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါ အင်မတန်ရင်လေးစရာပါ။ ပညာသင်ယူခွင့် မရရှိတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ လူ့အရင်းအမြစ်တွေ ဆုံးရှုံးသွားရမှာဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း များစွာဖြစ်ပေါ်လာနိုင်ပါတယ်” လို့ မော်မိမာ က ပြောပါတယ်။

စစ်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ ကျောင်းဆက်တက်ဖို့ ကြိုးစားနေသူတွေ၊ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်သွားသူတွေ၊ မိသားစုစားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်သူတွေ၊ ပြည်ပထွက်ခွာသူတွေ ဆိုပြီး ကျောင်းသားတွေရဲ့ ဘဝလမ်းကြောင်းတွေက ပိုမိုကွဲပြားလာနေပါတယ်။

တချိန်က စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့တဲ့ ကရင်နီပြည်မှာတော့ ယနေ့အချိန်မှာ ကျောင်းသားတွေရဲ့ အဓိကမေးခွန်းဟာ “ဘယ်ဘာသာရပ်သင်ယူမလဲ ဆိုတာထက်။ ကျောင်းဆက်တက်နိုင်မလား၊ အလုပ်လုပ်ရမလား၊ တော်လှန်ရေးထဲ ပါဝင်ရမလား” ဆိုတဲ့ ရွေးချယ်မှုတွေအဖြစ် ပြောင်းလဲလာနေပါတယ်။

ကရင်နီပြည်တွင်းတင်မကပဲ မြန်မာနိုင်ငံတဝန်းမှာ အရွယ်ရောက်လာတဲ့ကျောင်းသားတွေ ကျောင်းဆက်မတက်ပဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်တဲ့ နှုန်းကလည်း များပြားလာနေပါတယ်။ ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံမှာ လူငယ် ငါးသန်းကျော်က ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်းကိုလည်း UNDP က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်ဟာ မြန်မာနိုင်ငံထဲက လူဦးရေအနည်းဆုံးနဲ့ အသေးငယ်ဆုံး ပြည်နယ်တခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်း အရ စာတတ်မြောက်မှုဦးရေဟာ ‘ကျား’ ၈၇ ရာခိုင်နှုန်းနဲ့ ‘မ’ ၇၇ ဒဿမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်စာရင်းအရ ကြားကာလအတွင်း ကရင်နီမှာ အဆင့်မြင့်ပညာရေးကို လက်လှမ်းမီတဲ့ကျောင်းသားဦးရေ ၁,၈၉၅ ဦး ရှိတယ်လို့ ပြောထားပေမဲ့ ကျား၊မ အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

တဆက်တည်းမှာပဲ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမသုံးလပတ်မှာ IEC အောက်က ကျောင်း ၄၇၀ ကျောင်းရှိပြီး အခြေခံပညာကျောင်းသား ၅၇,၅၈၀ ဦးရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းအရ ၂၀၂၅-၂၀၂၆ စာသင်နှစ်ကုန် မတ်လအတွင်း စာရင်းချုပ်မှာ ကျောင်းသား ၅၁,၄၅၇ ဦးပဲ ကျန်ပါတယ်။ တနည်းအားဖြင့် စာရင်းအရကြည့်ရင် တနှစ်အတွင်း ကျောင်းသား ၆,၀၀၀ ကျော်ပညာသင်ယူမှု ရပ်တန့်သွားခဲ့တာပါ။

တဖက်မှာလည်း စာသင်နှစ်အဆုံးထိ ပညာသင်ယူခဲ့ကြတဲ့ ကျောင်းသားတွေထဲမှာ ကျောင်းသား ၂၅,၀၀၀ ခန့်နဲ့ ကျောင်းသူ ၂၆,၀၀၀ ခန့်ရှိနေပြီး ကျောင်းသူအရေအတွက်က ၁၀၀၀ ခန့် ပိုများနေတာကို တွေ့ရပါတယ်။ အခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားအရေအတွက်စာရင်း အတိအကျကိုတော့ မရသေးပါဘူး။

၂၀၂၅ ခုနှစ်အတွင်းမှာပဲ ကရင်နီလူငယ်တွေက နီးစပ်ရာ ပြည်ပနိုင်ငံတွေဆီကို ပွဲစားငှားပြီး အလုပ်ထွက်လုပ်ကြတဲ့နှုန်းတွေ မြင့်တက်လာမှုနဲ့အတူ၊ တရားမဝင်လမ်းကြောင်းကနေ ဖြတ်သန်းသွားလာမှု မြင့်တက်လာတာကို တားဆီးနိုင်ရေးအတွက် ထိုင်း-ကရင်နီနယ်စပ်မြို့နယ်ဖြစ်တဲ့ မယ်စဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက မြို့နယ်ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကစပြီး ထုတ်ပေးခဲ့ရပါတယ်။

ကျောင်းသားတွေ လက်ရှိရင်ဆိုင်နေရတဲ့ မိသားစု စားဝတ်နေရေးအကျပ်အတည်းအပြင် ပညာရေးထက် တော်လှန်ရေးလုပ်ဖို့ ဦးတည်လာနေမှုကို ပြည်နယ်တွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်းတွေက ဖြေရှင်းသင့်တယ်လို့ ကျောင်းသားတချိူ့လည်း ပြောနေကြပါတယ်။

“တဖက်မှာ ကရင်နီဒေသမှာ မိန်းကလေးတွေ စာသင်ခန်းထဲရှိနေသေးတာ ဝမ်းသာစရာကောင်း ပေမယ့် သူတို့နဲ့ရွယ်တူ ယောကျ်ားလေးတွေ စာမသင်ကြရတော့တာ၊ စစ်ရေးနဲ့ စားဝတ်နေရေးတွေအတွက် အရွယ်မရောက်ခင် ဝင်ရုန်းကန်နေကြရတာ အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ မြန်မာပြည်တဝန်းက လူငယ်တွေ အများစု ပညာသင်ခွင့်တွေ ဆုံးရှုံးနေကြပါတယ်။ လူငယ်တွေဟာ လွတ်လွတ် လပ်လပ်ပညာသင်ခွင့်ရှိသင့်ပါတယ်။ အထူးသဖြင့် ၁၈ နှစ်အောက် လူငယ်တွေကို လက်နက်မကိုင်ခိုင်းသင့်သလို သူတို့ဘဝတလျှောက်လုံး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့ အခြေအနေတွေထဲ တွန်းပို့လိုက်သလိုမဖြစ်အောင် ဒီလူ့အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံနဲ့ ကာကွယ် တားဆီးပေးသင့်ပါတယ်” မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဒေါ်မိဆူးပွင့် က ပြောပါတယ်။

ကျောင်းသားတွေရဲ့ ပညာရေးနှောင့်နှေးမှုအရင်းခံက လူမှုစီးပွားအကျပ်အတည်းကြောင့် ရွေးချယ်စရာမရှိပဲ အလုပ်လုပ်ဖို့ တွန်းပို့ခံရတာကြောင့်ဖြစ်တယ်လို့လည်း ကျောင်းသားတဦးဖြစ်တဲ့ ကိုပီတာ ( အမည်လွှဲ ) က ပြောပါတယ်။

“ယုံကြည်ခံရပြီးသား ခေါင်းဆောင်တယောက်စီမှာ ဘယ်လိုအားပေးစကားမျိုးပဲ ဖြစ်ဖြစ် လူထုအတွက် တရက်အသက်ရှင်ဖို့ လုံလောက်ပါတယ်။ စစ်ပဲတိုက်နေရင်လည်း မတိုးတက်သလို ပညာရေးကိုပဲ ဦးစားပေးနေရင်လည်းအလုပ်မဖြစ်နိုင်ဘူးလို့ထင်ပါတယ်” လို့ အိမ်နီးချင်းနိုင်ငံကို အလုပ်ထွက်လုပ်နေရတဲ့ ကိုပီတာ (အမည်လွှဲ) က ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ