Homeသတင်းလွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာ၊ တန်းစီစောင့်ဆိုင်းနေရပြီး အကန့်အသတ်နဲ့သာ ရောင်းချပေး

လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာ၊ တန်းစီစောင့်ဆိုင်းနေရပြီး အကန့်အသတ်နဲ့သာ ရောင်းချပေး

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲလာပြီး ရောင်းချပေးတဲ့ ဓာတ်ဆီဆိုင်တွေမှာ အချိန်ကြာကြာ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ဓာတ်ဆီ တလီတာကို ၃၈၀၀ ကျပ် ပေါက်ဈေးရှိပြီး အပြောင်းအလဲတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ မြို့ခံတွေရဲ့ ပြောကြားချက်အရ မြို့ပေါ်က စက်သုံးဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေရှိနေသလို တချို့ဆိုင်တွေက မရောင်းချပေးတော့တာ ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ – လွိုင်ကော်မြို့က ဓာတ်ဆီဆိုင်တနေရာမှာ ဆီထည့်နေကြတဲ့ မြို့ခံတွေကို တွေ့ရစဉ် ( ဓါတ်ပုံ – ပေးပို့ )

ဖွင့်လှစ်ထားတဲ့ ဆိုင်တချို့မှာလည်း ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးတယ်လို့ မြို့ခံလူငယ်တဦးက အခုလို ပြောပါတယ်။

“ဆီက ဆိုင်ကယ်ဆိုရင် ၅,၀၀၀ ဖိုး၊ ကားဆိုရင် ၃၀,၀၀၀ ဖိုးအထိပဲ ဝယ်ရတော့တယ်။ အချို့ဆိုင်တွေဆိုရင် လုံးဝ မရောင်းပေးတော့ဘူး”လို့ အဆိုပါ မြို့ခံလူငယ်က ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီဆိုင်ကြီး ၅ ဆိုင်ခန့် ရှိပြီး တစ်နိုင်တစ်ပိုင် ရောင်းချတဲ့ ဆိုင်ငယ်တွေ ရှိပေမယ့် ဆီရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

စက်သုံးဆီ ရှားပါးပြီး စျေးနှုန်း မြင့်တက်လာမှုနဲ့အတူ နောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် နေ့စဉ် သွားလာ လှုပ်ရှားနေရတဲ့ အခြေခံ လူတန်းစားတွေနဲ့ စျေးသည်အတွက် အခက်အခဲ ပိုမို ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

“ဆီစျေးတက်ရင် အကုန်စျေးတက်မှာဆိုတော့ စိုးရိမ်ပါတယ်။ ဆီပြတ်သွားရင် အလုပ်လုပ်ရတာလည်း တော်တော် ခက်ခဲသွားလိမ့်မယ်” လို့ ဈေးရောင်းတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တလျှောက်မှာ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပြီး စက်သုံးဆီ ချွေတာနိုင်ဖို့ စစ်ကော်မရှင်က “ စုံ “ ရက် ၊ “ မ “ ရက် နဲ့ ခွဲပြီး အိမ်စီးကားတွေကို အသုံးပြုရမယ်လို့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဝယ်ယူစုဆောင်းတာ ၊ ဈေးနှုန်းမြှင့်တင်တာ မပြုလုပ်ဖို့လည်း အသိပေးထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံကလည်း မြန်မာအပါဝင် အိမ်နီးချင်းနိုင်ငံတွေကို လောင်စာဆီ တင်ပို့ဖို့ ကန့်သတ်လိုက်သလို ကရင်နီပြည်က မြို့နယ်တွေမှာလည်း ဓာတ်ဆီဈေးမြင့်တက်တာ ၊ ပြတ်လပ်တာတွေ ဖြစ်ပေါ်နေပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ