ကန္တာရဝတီတိုင်း (မ်)
ရှမ်း – ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ စတင်ပြတ်လပ်နေပြီး စက်သုံးဆီ သိုလှောင်ထားသူတွေအနေနဲ့ ဈေးမတင်ဖို့ ဒေသခံနဲ့ စစ်ရှောင်တွေက တောင်းဆိုကြပါတယ်။
“အခုလောဆယ်တော့ သိပ်မသိသာသေးပေမယ့် လာမယ့် နောက်ကျရင် သာရေးဖြစ်ဖြစ်၊ နာဖြစ်ဖြစ် သွားဖို့လာဖို့တော့ အခက်ခဲရှိလာမှာပဲ။ နောက်တစ်ပတ်လည်း ဆက်လက်ပြီး အဲ့မျိုး ဂယက်ဖြစ်မယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် သေချာတာကတော့ စစ်ရှောင်ရော အနောက်ဖက်ခြမ်းကတော့ အခက်ခဲတော့ လာပြီးသားပဲ” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
စက်သုံးဆီပြတ်လပ်နေတာကြောင့် နေ့စဉ်သွားလာရေးနဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသူတွေအတွက် အခက်တွေ့တယ်လို့ ပြောပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တချို့က ဓာတ်ဆီကို သိုလှောင်ထားတာကြောင့် ရက်ပိုင်းအတွင်း ဆီပြတ်လပ်တာဖြစ်နိုင်ပြီး သိုလှောင်ထားတဲ့ စက်သုံးဆီကို ပြန်လည်ရောင်းထုတ်တဲ့အခါ အဆမတန် ဈေးမတင်ဖို့ စစ်ဘေးရှောင်တဦးက အခုလို တောင်းဆိုထားပါတယ်။
“ဆီရောင်းတဲ့သူကို ကျမတို့ပြောချင်တာကတော့ စစ်ရှောင်တာချင်းတူတယ်။ ရှိအတူ၊ မရှိအတူတူ အေးအတူ ၊ ပူအမျှနဲ့ သွားခိုင်းစေချင်တယ်ပေါ့။ ရောင်းမယ်ဆိုရင်တောင်မှ အမြတ်က မယူနဲ့လို့မပြောဘူး ယူပါ။ဒါပေမဲ့ နှစ်ဆ သုံးဆ တိုးအနေနဲ့ ရောင်းချမယ်ဆိုရင် ကျမတို့စစ်ရှောင်အနေနဲ့တော့ အရမ်းကြီး အခက်ခဲဖြစ်မှာပေါ့နော်။ နည်းနည်းပါးပါးလျော့ပေါ့ ရောင်းချစေချင်တယ်” လို့ သူက ဆိုပါတယ်။
မိုးဗြဲအနောက်ဖက်ခြမ်းမှာ လက်ရှိ ဓာတ်ဆီ တစ်လီတာ ၆၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းကနေ မိုးဗြဲအနောက်ခြမ်းကို စက်သုံးဆီ တင်သွင်းနေတာဖြစ်ပြီး ဒီးမော့ဆိုအနောက်ခြမ်းမှာလည်း ဓာတ်ဆီ တလီတာ ၆၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ ပေးဝယ်နေရပါတယ်။
အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်တာ ၊ ဈေးမြင့်တက်တာ ၊ တန်းစီပြီး ဝယ်ယူနေရတာ စတဲ့ အကျိုးဆက်ကို ကြုံတွေ့နေရပါတယ်။ ကရင်နီပြည်က မြို့နယ်တွေမှာလည်း စက်သုံးဆီပြတ်လပ်မှုကို နေရာအများစုမှာ ကြုံတွေ့နေရပြီး ကုန်စည်ဈေးနှုန်း နဲ့ သယ်ယူပို့ဆောင်ရေးအတွက် ဈေးမြှင့်တက်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။




