ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စိန်ပန်းနီစစ်ရှောင်စခန်းမှာ ပထွေးဖြစ်သူ မယားပါသမီးအား ကိုယ်ထိလက်ရောက်ရိုက်နှက်တာကို အိမ်နီးနားချင်းတွေက ဝင်ရောက်တားဆီးရာကနေ ဓားခုတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ဖြစ်စဉ်ဟာ ဒီကနေ့ မတ်လ (၁၅)ရက်နေ့ နေ့လည် (၁၂)ခွဲ ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ စစ်ရှောင်စခန်းက တဲအိမ်မှာ ရိုက်နှက်ခံရသူ (အသက် ၂၀ အရွယ်အမျိုးသမီး) ဟာ အမေ၊ အဒေါ်တို့နဲ့ စကားထိုင်ပြောနေစဉ် ပထွေးဖြစ်သူက ငရုတ်ကျည်ပွေ့ နဲ့ အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ အဒေါ်ဖြစ်သူက အခုလိုပြောပါတယ်။
“ အဒေါ်က အဲ့လိုမျိုးပဲ ထိုင်နေတယ် တူမက ကျမဘေးမှာထိုင်နေတာ။ သူဆေးလိပ်ဝင်ယူပြီး ထွက်သွားတယ်။ အရင်တစ်ခေါက်လိုပဲ ထင်နေတာပေါ့။ ဒါပေမဲ့ သူ သမီးနားရောက်တော့ သူ့သမီး ဖုန်းထိုင်ပွတ်နေတာကို “ဘုန်း” ဆိုတစ်ချက်ရိုက်လိုက်တာ ကလေးက ခုန်ပေါ်မှာ မှောက်ချသွားတယ်။ ပြီးတော့ နောက်တစ်ချက်ထပ်ရိုက်တယ်” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။
ပထွေးဖြစ်သူဟာ ငရုတ်ကျည်ပွင့်နဲ့ သုံးချက် ရိုက်နှက်ခဲ့တာလို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။ အဆိုပါရိုက်နှက်မှုကို မိခင်နဲ့ အဒေါ်ဖြစ်သူက ဝင်ရောက်တားဆီးရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူ့အဖေက (ပထွေးဖြစ်သူ) အခန်းထဲပြေဝင်းပြီး ဓားယူထုတ်လာပြီကော သူလာခုတ်အုံးမလို့လေ။ သူ့မိန်းမက ငရုတ်ကျည်ပွေ့ နဲ့ တားမို့ အဲ့ဒါနဲ့ အဒေါ်ကတွေ့သမျှလူကို လှမ်းအော်ပြီပေါ့။” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။
အဒေါ်ဖြစ်သူရဲ့ အကူအညီလှမ်းတောင်းတဲ့အသံကြောင့် အိမ်ရှေ့မှာနေထိုင်တဲ့ အိမ်နီးချင်း ညီအစ်ကိုနှစ်ဦးက ဝင်ရောက်ဖြန်ဖြေဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ကိုပါ ဓားခုတ်ခဲ့တယ်လို့ ဝင်ရောက်ဖြန်ဖြေပေးသူတစ်ဦးက ပြောပါတယ်။
“သူတို့လှမ်းခေါ်လို့ ကျနော်တို့သွားလိုက်တာ ဘာဖြစ်လဲလို့ ဒီတိုင်းသွားမေးတာ ဓားတွေကောက်ဆွဲပြီးတော့ တခါတည်း အဲ့လိုဖြစ်တော့ ကျနော့်ညီက ကြားဝင်တော့ သူခုတ်ခံရတယ်လေ။ ကျနော်လဲသူ့ကို ဝင်လုံးလိုက်တာ ကျနော်မဝင်လုံးလဲ ကျနော့်ညီသေမှာဆိုတော့။ ကျနော်ဝင်တော့ ကျနော့်ကို ထပ်ခုတ်တယ်” လို့ သူက ဆိုပါတယ်။
ညီအကိုနှစ်ယောက်အနက် ညီဖြစ်သူမှာ ဘယ်ဖက်ဦးခေါင်း ၊ မျက်ခုံးနဲ့ လက်ကောက်ဝတ်တွေမှာ ဓားနဲ့ ခုတ်ခံရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အကိုဖြစ်သူကတော့ ဘယ်ဖက်ပုခုံးကို ခုတ်ခံလိုက်ရပြီး (၆)ချက် ချုပ်လိုက်ရပါတယ်။
လက်ရှိမှာ ဓားခုတ်မှု ကျူးလွန်သူကိုတော့ နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။





