Homeသတင်းဖရူဆိုမြို့နယ်မှာ ယာဉ်တန်းအတွက် လုံခြုံရေးထွက်ယူတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ပြီး တပ်သား ၅ ဦး သေဆုံး၊ သေနတ် ၅ လက်ရရှိ

ဖရူဆိုမြို့နယ်မှာ ယာဉ်တန်းအတွက် လုံခြုံရေးထွက်ယူတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ပြီး တပ်သား ၅ ဦး သေဆုံး၊ သေနတ် ၅ လက်ရရှိ

-

ကန္တာရဝတီတိုင်း ( မ် )

ဖရူဆိုကနေ ဘောလခဲကို ဦးတည်ပြီး အင်အားဖြည့်တင်းတဲ့ ယာဉ်တန်းအတွက် ဖရူဆိုမြို့နယ်အတွင်း တနေရာမှာ လုံခြုံရေးထွက်ယူပေးတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးသေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်း ရမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်ဆီကနေ သိရှိရပါတယ်။

“ သေဆုံးတာကတော့ ၄ယောက် ၊ ၅ယောက် သေတယ်။ ထိခိုက်ဒဏ်ရာက အနည်းဆုံး ၃ ၊ ၄ ယောက် ရှိတယ်။ လက်နက်ကတော့ ၅ လက်ရတယ်။” လို့ အဆိုပါ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ယာဉ်တန်းအတွက် လုံခြုံရေးယူတဲ့အဖွဲ့ နဲ့ ရေခပ်ဆင်းလာတဲ့ အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးတပ်ဖက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက် ထိတွေ့မှုဖြစ်ပွားပြီးနောက် နန်းဖဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က အရပ်သားရှိရာကို အသေခံဒရုန်းနဲ့ ပစ်ခတ်ခဲ့သလို ဘောလခဲအခြေစိုက် တပ်ရင်းကနေလည်း လက်နက်ကြီး ၁၀ လုံးနီးပါး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာက သူတို့(စစ်ကော်မရှင်) ယာဉ်တန်းဆင်းလာတော့ လုံခြုံရေးထွက်ယူတဲ့အဖွဲ့ပေါ့ အထိုင်ချတာတော့ မဟုတ်ဘူး။ သူတို့အထိုင်ချတာက လမ်းမကြီးဘေး သူတို့စခန်းဟောင်းမှာပဲ ဒါပေမယ့် အခုက ယာဉ်တန်းလာတော့ လုံခြုံရေးထွက်ယူရင်းနဲ့ ရေလာခပ်ပေါ့။” လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်က နန်းဖဲကျေးရွာမှာ ပြန်လည် အခြေချနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို စစ်ကော်မရှင်စစ်ကြောင်းက စစ်ရေးလှုပ်ရှားနေတာကြောင့် အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဖရူဆို – ထားလဲ လမ်းမကြီးပေါ်မှာ သွားလာတဲ့ စစ်ကော်မရှင် ယာဉ်တန်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ