ကန္တာရဝတီတိုင်း (မ်)
ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာ တတိယအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်လင်းဒွေးက လွှတ်တော် ဥက္ကဌအဖြစ်ရွေးချယ်ခံရပါတယ်။
ဦးအောင်လင်းဒွေးက လွှတ်တော်မှာပြိုင်ဘက်မရှိ တဦးတည်း အမည်စာရင်းတင်သွင်းခံရပြီး အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်လာတာပါ။ ဒုတိယဥက္ကဌအဖြစ် စစ်ကော်မရှင်ရဲ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကချင်အမျိုးသား Jeng Phang နော်တောင် ရွေးချယ်ခံရပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပခဲ့ပြီးနောက် လွှတ်တော်ခေါ်နေသလို တဖက်မှာလည်း နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးနေတာတွေလည်း ဆက်တိုက်ဖြစ်လာတာကို ကြည့်ချင်းအားဖြင့် ၂၀၂၆ ခုနှစ်အတွက် စစ်ရေး၊ နိုင်ငံရေး ရှုပ်ထွေးမှုတွေက ဆက်တိုက်ရှိနေနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၊ အတွင်းရေးမှူး ၂ ဦးဗညားက သုံးသပ်ပြောပါတယ်။
“လွှတ်တော်က ဆက်တိုက်ခေါ်နေတယ်။ အဲတော့ ဒီကနေဖြစ်ပေါ်လာမယ့် အစိုးရသစ်တစ်ခုပေါ့နော။ အစိုးရသစ်လို့ခေါ်ပါရစေ။ ဘယ်အစိုးရလို့ ကျနော်မပြောဘူးပေါ့နော။ အာဏာရှင်အစိုးရလို့လည်း ပြောလို့ရတာပေါ့။ အာဏာရှင်အစိုးရကတော့ သေချာတာတစ်ခုကတော့ အပစ်ခတ်ရပ်စဲရေးကိစ္စတွေ၊ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စရပ်တွေ သူတို့လုပ်လာမယ်။ အဲဒီနဲ့အတူ တပြိုင်တည်း သူတို့ဘာလုပ်ဖို့ရှိမလဲဆိုတော့ နယ်မြေစိုးမိုးရေးတွေ သူက လုပ်လာမှာပေါ့နော။ ပစ်ခတ်ရပ်စဲရေးတို့ လုပ်တယ်ဆိုတာက ငြိမ်းချမ်းရေး စကားပြောတယ်ဆိုတာ သူ့ဂွင်ကိုယ့်ဂွင်၊ သူ့ဘက်ကိုယ့်ဘက် ထိန်းပြီးတော့မှ ကြည့်ကြတယ်ဆိုတော့ နယ်မြေအရက ထိန်းချုပ်မှုများတဲ့သူက နိုင်ငံရေးစကားဝိုင်းမှာပိုပြီးတော့ ပါဝါရှိသလိုတော့ ဖြစ်တာပေါ့နော။… အဲတော့ ဒီကြားကာလမှာ စစ်ရေးအရပြင်းထန်မှုတွေ နိုင်ငံတစ်ဝှမ်းမှာပိုပြီးတော့ ပြင်းထန်နိုင်ချေရှိတာပေါ့။ စစ်ရေးအရ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေကတော့ ဆက်တိုက်ရှိမယ်လို့တော့ ကျနော်ကတော့ ခန့်မှန်းထားတာပေါ့” လို့ ဦးဗညားကပြောပါတယ်။
စစ်ကော်မရှင် ဖွဲ့စည်းနေတဲ့ အစိုးရအသစ်နဲ့အတူ နိုင်ငံရေးအရ သော်လည်းကောင်း ၊ စစ်ရေးအရသော်လည်းကောင်း ရှုပ်ထွေးမှုတွေ ဆက်တိုက်ဖြစ်လာမှာဖြစ်ပြီး လူမှုစီးပွားအကြပ်အတည်းလည်း တိုးလာမယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးအောင်လင်းဒွေးက စစ်ကော်မရှင်က ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အနေနဲ့ တာဝန်ယူထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူးအနေနဲ့လည်း တာဝန်ယူထားတာဖြစ်ပါတယ်။
စစ်ကော်မရှင်ကျင်းပတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲက ဇန်နဝါရီလ ၂၅ ရက်နေ့မှာပြီးစီးခဲ့ပြီး မတ် ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ယူခဲ့တာပါ။ ဒီနေ့ မတ် ၁၈ မှာ အမျိုးသားလွှတ်တော်ခေါ်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်နှစ်ခုလုံးမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ဥက္ကဌနဲ ဒုတိယဥက္ကဌ တို့က စစ်ခေါင်းဆောင်နဲ့ စီးပွားရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ဆက်နွယ်နေတဲ့ ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။





