Homeဆောင်းပါးစစ်မြေပြင်နဲ့ မလှမ်းမကမ်းက ရှင်ပြု နဲ့ နားသ အလှူမင်္ဂလာပွဲကြီး

စစ်မြေပြင်နဲ့ မလှမ်းမကမ်းက ရှင်ပြု နဲ့ နားသ အလှူမင်္ဂလာပွဲကြီး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ကျေးရွာတစ်ခုရဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာ စုပေါင်းအလှူတော်မင်္ဂလာပြုလုပ်နေကြပါတယ်။ မဏ္ဍပ် ထဲမှာတော့ သင်္ကန်းဝတ်မယ့် ရှင်လောင်းလေးတွေ၊ နားသ မင်္ဂလာခံယူမယ့် သမီးငယ်လေးတွေနဲ့ အတူ အလှူ့ဒကာ၊ ဒကာမတွေ၊ ရှင်ပြုပွဲကိုလာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တွေနဲ လူတွေကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။

ယခုလို ကြိတ်ကြိတ်တိုးစည်ကားနေပေမဲ့ အဲ့ဒီမဏ္ဠပ်တွင်းမှာ ရှိနေကြတဲ့ လူတိုင်းရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုကြီး တခုကလဲ ရှိနေပါတယ်။

“ကလေးကို ရှင်ပြုပေးချင်တယ်။ လုပ်ပေးချင်တယ်။ နာမည်စာရင်းသွားသွင်းတဲ့ အချိန်ကျတော့ စစ်သားတွေရဲ့ နယ်မြေတွေကို လှမ်းမြင်ရတော့ တအားကြောက်တယ်။ အဲ့ညဆို အိပ်တောင်မပျော်ဘူး။ ဘာလို့လဲဆိုတော့ တခုခု ဖြစ်ရင်ဘယ်လိုလုပ်မလဲ။ သူတို့က (စစ်ကော်မရှင်တပ်)က လက်နက်ကြီးနဲ့ ထုလာရင်ဒီနေရာက ထိမိမှာပဲ အဲ့လိုပူပင်စိတ်သောကရောက်တယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း လည်းမဟုတ်ဘူး။ သူများတွေလည်း လုပ်နိုင်တယ်ဆိုတော့ ကိုယ်လည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ပြန်သွားဖြစ်တယ်။ ပူပန်မှုတော့ အရမ်းများတယ်။ စရင်းစသွင်းတဲ့ နေ့ကစပြီး ပြန်အိပ်လို့လဲမပျော်ဘူး။ စိတ်ပူပင်မှု တအားများတယ်” လို့ အလှူ့ဒကာမ တစ်ဦးကပြောပါတယ်။

ရှင်လောင်းပွဲ ကျင်းပခဲ့တဲ့ နေရာဟာ စစ်မြေပြင်ကြီးနဲ့ အရမ်းမဝေးလှတဲ့ နေရာတစ်ခုမှာ ရှိနေတာကြောင့်ပဲ ပွဲစီစဥ်ကြသူတွေ၊ လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တွေရဲ့ ရင်ထဲမှာလည်း စိုးရိမ်မှုတွေ ပြည့်နေခဲ့ကြတာဖြစ်ပါတယ်။

ရှင်ပြုပွဲကို မတ်လ မကုန်ခင် သကြန်မတိုင်ခင်မှာ ပုံမှာအားဖြင့် ပြုလုပ်လေ့ရှိပါတယ်။ ရှင်ပြုပွဲခြင်းဆိုတာဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ရင်ဝယ်ဖြစ်တဲ့ သားယောကျ်ားလေးကို အချိန်အခါ အရွယ်ရောက်လာရင် သက်န်း ဝတ်ပေးတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း၊ သာသနာ့အမွေခံ သာသနာ့ ဒါယကာဖြစ်လိုခြင်း။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း စတာတွေပဲဖြစ်ပါတယ်။
ရှင်ပြုအလှူပွဲတွေမှာ အဓိက လုပ်ငန်းကြီး သုံးရပ်ရှိပါတယ်။ အဲ့ဒါတွေကတော့ ဆံရိတ်ခြင်း(ဝါ)ဆံချခြင်း၊ သင်္ကန်းရုံခြင်း နဲ့ သရဏဂုံဆောက်တည်ခြင်းတွေပဲ ဖြစ်ပါတယ်။

ဒီရှင်ပြုအလှူပွဲကြီးဟာ အာဏာသိမ်ပြီးကာလ(၅)နှစ်အတွင်း ကရင်နီပြည်မှာ ပထမဆုံး ပြန်လည်ကျင်းပကြတဲ့ ရှင်ပြုအလှူပွဲကြီး ဖြစ်ပါတယ်။ ရှင်လောင်းတွေဟာလဲ ကရင်နီပြည်ထဲက ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ သူတွေ ဒေသခံတွေဖြစ်ပါတယ်။

စစ်ကော်မရှင် အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် ရှင်ပြုအလှူပွဲတွေပြုလုပ်ပုံကွာခြားသွားရပုံ ကို အလှူ့ဒကာမ တစ်ဦးက ခုလိုပြောပြပါတယ်။

“အဲ့လိုက အများကြီးကွာတာပေါ့။ အရင်တုန်းက(အာဏာမသိမ်းခင်) ပွဲလုပ်တာဆိုရင် ရှင်လောင်းတွေကို အိမ်ကို ခေါ်ပြန်လို့ရတယ်လေ။ အဲ့မှာတစ်ချက်ကွာသွားတယ်။ အခုက ဒီစစ်ရှောင်ကာလကျတော့ အိမ်ကိုလုံးဝပေးမပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ လက်နက်ကြီးတွေ လေယာဥ်တွေလဲ ကြောက်ရတယ်။ အရေးနဲ့ အကြောင်းဆိုရင်တော့ ပွဲမဖြစ်မှာဆိုးတော့ လုံးဝအိမ်မပြန်ရဘူး” လို့ ပြောပြနေရင်း သူမရဲ့ အသံဟာ တုန်ရီနေပါတယ်။

အရင်ချိန်က စိုးရိမ်ပူပန်မှုကင်းပြီး အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခဲ့ကြရတဲ့ ရှင်ပြု အလှူပွဲတွေရဲ့ နေ့ရက်တွေကိုလဲ သတိရမိတဲ့ အကြောင်းကိုလဲ ထပ်ပြောပြပါတယ်။

လတ်တလောဒေသတွင်းမှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာတွေရှိသလို ရှင်လောင်းပွဲ ကနေ အိမ်ပြန်လို့မရတာတွေကြောင့်လည်း ဘုန်းကြီးကျောင်းမှာ အိပ်သူကအိပ်၊ ဒေသခံ အိမ်ကို ငှားသူက ငှားနဲ့ ရှင်ပြုပွဲပြီးတဲ့ ထိတိုင်ပါဝင်ကြပါတယ်။

ရှင်ပြုပွဲကို မတ်လ (၂၉)ရက်နေ့မှ စတင်းပြီး ဧပြီလ(၁)ရက်နေထိကျင်းပခဲ့ကြပါတယ်။ စစ်ရှောင်ဒေသခံ ကိုရင် အပါး (၁၂၇)ပါး နဲ့ နားသ (၄၃) ခံယူခဲ့ကြပါတယ်။ လူဦးရေကတော့ဧည့်ပရိတ်သတ်မပါသေးပဲ ဖိတ်စာဖိတ်တာတောင် (၄၅၀၀) နီးပါးဖိတ်ကြားခဲ့ရတယ်လို့ သိရပါတယ်။ လူစုလူဝေးဖြစ်တာကြောင်း ရှင်ပြုပွဲကို မလာရဲကြတဲ့ သူတွေလဲ အများကြီးရှိတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ကရင်နီအပြင် မြန်မာနိုင်ငံနေရာအနှံ့မှာ စစ်ကော်မရှင်က ဘာသာရေးဆောက်အအုံတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် လူစုလူဝေးတွေနဲ့ ပြုလုပ်ရတဲ့ ဘာသာရေးပွဲတွေ အခြားသော ပွဲလမ်းသဘင်တွေကို မကျင်းပနိုင်တော့ တာ ကြာခဲ့ပြီဖြစ်ပါတယ်။

စစ်မြေပြင်နဲ့ မလှမ်းမကမ်းမှာ ယခုအလှူပွဲကြီးကို ကျင်းပခဲ့ ကြရတဲ့အပြင် အခက်ခဲ စိုးရိမ်ပူပန်မှုတွေကြားထဲ အကောင်းဆုံး ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားသမျှ ဒီအခြေအနေကြီး မပြီးသေးသ၍တော့ ကရင်နီက ပြည်သူတွေဟာ ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ဘာသာတရားတွေ၊ ပွဲလမ်းသဘင်တွေကို ခိုးကြောင်ခိုးဝှက် ကျင်းပကြရဦးမှာဖြစ်သလို စိုးရိမ်ပူပန်မှု တွေနဲ့ ပဲ ဆက်လက်ရှေ့ဆက်နေကြရအုံးမှာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ