spot_img
Homeဆောင်းပါး“မရေရာတဲ့ နေ့စားဝင်ငွေကြားက မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရသူ”

“မရေရာတဲ့ နေ့စားဝင်ငွေကြားက မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရသူ”

-

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်နေရင်း မိသားစုစားဝတ်နေရေးအတွက် နေ့စားဝင်ငွေကို အားကိုးနေရတဲ့ ဒေါ်မေတင်ရီအတွက်တော့ အလုပ်ရှိတဲ့နေ့နဲ့ အလုပ်မရှိတဲ့နေ့ဟာ မတူညီတဲ့ စိုးရိမ်ပူပန်မှုတွေကို ယူဆောင်လာပါတယ်။ နေ့စားအလုပ်ရှိတဲ့နေ့မှာ ရရှိတဲ့လုပ်အားခနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းရပေမဲ့ အလုပ်ခေါ်ယူသူ မရှိတဲ့နေ့တွေမှာတော့ ငွေကို ချွေတာသုံးစွဲရင်း နောက်တကြိမ် အလုပ်ရမယ့်အချိန်ကို စောင့်မျှော်နေရပါတယ်။

အသက် ၄၆ နှစ်အရွယ် ဒေါ်မေတင်ရီအတွက် တရက်လုပ်အားခ ကျပ် ၂ သောင်းဟာ သားသမီး ၃ ယောက်နဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းဖို့ အားကိုးရာတခုဖြစ်ပေမဲ့ အဲဒီဝင်ငွေဟာ မိသားစုစားဝတ်နေရေးအတွက် မလုံလောက်ပါဘူး။

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင်ဘဝကို ဖြတ်သန်းနေရတဲ့ မိသားစုတွေအတွက် စားဝတ်နေရေးဟာ နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခက်အခဲတခု ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာ၊ ဝင်ငွေမတည်ငြိမ်တာတွေအပြင် ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် မိသားစုစားဝတ်နေရေးကို ဖြည့်ဆည်းဖို့ ပိုမိုခက်ခဲလာကြပါတယ်။

ဒေါ်မေတင်ရီ ဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး သားတယောက်၊ သမီးနှစ်ယောက်ကို တဦးတည်း ပြုစုစောင့်ရှောက်နေရသူပါ။ သားသမီးတွေထဲမှာ အသက် ၂၁ နှစ်နဲ့ ၁၈ နှစ်အရွယ်ဖြစ်တဲ့ အကြီးနှစ်ယောက်ဟာ စတင်စစ်ရှောင်နေရတဲ့အချိန်ကစပြီး ကျောင်းမတက်တော့ဘဲ အငယ်ဆုံးတယောက်သာ ပညာသင်ကြားနေဆဲ ဖြစ်ပါတယ်။

ဒေါ်မေတင်ရီ မိသားစုဝမ်းရေးအတွက် အားကိုးနေရတဲ့ နေ့စားအလုပ်တွေဟာ တနှစ်ပတ်လုံး ပုံမှန်ရရှိနေတာတော့ မဟုတ်ပါဘူး။ စပါးစိုက်ပျိုးချိန်နဲ့ ကြက်သွန် စိုက်ပျိုးချိန်တွေမှာသာ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အလုပ်ရှိတဲ့ကာလမှာ တလကို အလုပ်လုပ်ရက် ၂၀ ဝန်းကျင် ရှိနိုင်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ နေ့စားအလုပ်ခေါ်ယူသူ မရှိတာကြောင့် ဝင်ငွေမရှိဘဲ ဖြတ်သန်းရပါတယ်။

အလုပ်ရတဲ့နေ့မှာ တရက်လုပ်အားခ ကျပ် ၂ သောင်း ရရှိပေမဲ့ အဲဒီငွေဟာ မိသားစု လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးလို့ ဒေါ်မေတင်ရီက ပြောပါတယ်။

“နေ့စား တရက်ဆိုရင် ၂ သောင်း ရတယ်။ တရက်စာ၊ တရက်စာ အတွက်ဆိုရင် ကိုယ့်မိသားစု စားဖို့အတွက်တော့ ဖူလုံမှုမရှိဘူးပေါ့။ အဲ့ဒီ ၂ သောင်းကိုတော့ စားဆီ ၁ သောင်းတန်နဲ့ ဆပ်ပြာမှုန့် ၆ ထောင်တန်ပေါ့ နှစ်ခုလောက်တော့ ရတယ်။ နေ့စား တရက်စာကတော့ ဆီတဗူးနဲ့ ဆပ်ပြာမှုန့် တထုပ်ပေါ့” လို့ သူမ က ဆိုပါတယ်။

ဒေါ်မေတင်ရီဟာ အလုပ်ရှိတဲ့ကာလမှာ ရရှိတဲ့လုပ်အားခကို မိသားစု စားဝတ်နေရေးအတွက် ချင့်ချိန်သုံးစွဲရသလို အလုပ်မရှိတဲ့ကာလအတွက်ပါ စီမံထားရပါတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့အချိန်တွေမှာ မိသားစုရဲ့ နေ့စဉ်စားသောက်ရေးကို ရှိတာလေးနဲ့သာ ဖြေရှင်းရတယ်လို့ သူမက ပြောပါတယ်။

“ပုံမှန်ဝင်ငွေမရှိတဲ့ အချိန်မှာဆိုရင် မိသားစုစားဖို့သောက်ဖို့က ကျမတို့ ရှိတာလေးနဲ့ပဲ စားတယ်။ တကယ်လို့ ငရုတ်သီးထောင်းနဲ့လား အဲ့မျိုးပေါ့။ ရှိတာလေးနဲ့ပဲ စားတယ်” လို့ သူမက ဆက်ပြောပါတယ်။

မိသားစုစားဝတ်နေရေးအပြင် သားသမီးတွေ နာမကျန်းဖြစ်တဲ့အခါမှာလည်း ငွေကြေးအခက်အခဲကို ရင်ဆိုင်ရပါတယ်။ အရေးပေါ်ငွေကြေးလိုအပ်လာတဲ့အခါ ဒေါ်မေတင်ရီဟာ မောင်နှမတွေဆီကနေ ငွေချေးယူပြီး အဆင်ပြေတဲ့အခါ ပြန်လည်ပေးဆပ်ရတယ်လို့ သူမက ပြောပါတယ်။

“ကလေးတွေ နာမကျန်းဖြစ်တာမျိုးဆိုရင် ကျမမှာက အဆင်ပြေတာ သိပ်မရှိတော့လေနော်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာလို့ လိုအပ်လာရင် ကျမ မောင်နှမတွေဆီ ချေးတယ်။ နောက်မှ သူတို့ကို ပြန်ပေးတာပေါ့” လို့ ဒေါ်မေတင်ရီက ပြောပါတယ်။

အလုပ်အကိုင်မတည်ငြိမ်မှုနဲ့ မိသားစုတာဝန်တွေကြားမှာ ပင်ပန်းမှုတွေရှိပေမဲ့ သားသမီးတွေက သူ့အတွက် ခွန်အားဖြစ်စေတယ်လို့ ဒေါ်မေတင်ရီက ပြောပါတယ်။

“ပင်ပန်းလွန်းတဲ့ အချိန်ဆိုရင် ကျမတို့အတွက်က ကလေးတွေဆီကနေ ခွန်အားယူရတယ်။ ကလေးတွေက ကိုယ့်ကို ကူညီပေးနိုင်တယ်ဆိုရင် ကိုယ့်အတွက်တော့ ခွန်အားတခုပါပဲ” လို့ သူမက ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ ဒေါ်မေတင်ရီလို မိသားစုကို တဦးတည်း ဦးဆောင်ရပ်တည်နေရတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။ အမျိုးသမီးဦးဆောင်တဲ့ မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေအပြင် ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်တွေကိုလည်း ကြုံတွေ့ရတယ်လို့ ဒေါ်မေတင်ရီနဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားတဦးက ပြောပါတယ်။

“အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်က တခါတလေက သူတို့အတွက် အနှောင့်အယှက် အများကြီးရှိပါတယ်။ လူတွေရဲ့ နှောင့်ယှက်မှုတွေ၊ စကားနဲ့နှောင့်ယှက်မှုတွေ သူတို့လည်း ခံရပါတယ်။ ကျနော်တို့ဘေးကလူ၊ ကျနော်တို့ အိမ်ထောင်မိသားစု ပြည့်စုံတဲ့လူတွေက ပြောရမယ်ဆိုရင် အမျိုးသမီးရဲ့ ဦးဆောင်မှုဟာ ကျနော်တို့ လေးစားရမယ်။ သူတို့ကို လျစ်လျူရှုဖို့မလိုဘူး။ အများထဲမှာလည်း သူတို့ကို ဂရုစိုက် ခေါ်ရမယ်” လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

မိသားစုကို တဦးတည်းဦးဆောင်ရပ်တည်နေရတဲ့ ဒေါ်မေတင်ရီအတွက်တော့ ရာသီအလိုက်သာ ရရှိတဲ့နေ့စားလုပ်အားခနဲ့ သားသမီး ၃ ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ အလုပ်ရှိတဲ့ကာလမှာ ရရှိတဲ့ငွေကို အလုပ်မရှိတဲ့ကာလအတွက်ပါ ချင့်ချိန်သုံးစွဲရင်း မိသားစုဝမ်းရေးကို ဆက်လက်ဖြေရှင်းနေရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ