spot_img
Homeဆောင်းပါးပါးချိတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ

ပါးချိတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ

-

ကန္တာရဝတီတိုင်း(မ်)

လက်ရှိကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ၁၅ နှစ်အောက်ကလေးငယ်တွေအကြား ပါးချိတ်ရောင်ရောဂါ အဖြစ်များနေတယ်လို့ သိရပါတယ်။

မေလ ဒုတိယပတ်ကစပြီး ဖြစ်ပွားနေတဲ့ ပါးချိတ်ရောင် ရောဂါဟာ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက အမျိုးသမီးတဦးက ပြောပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ဘက်က စစ်ရှောင်စခန်းတချို့မှာလည်း ပါးချိတ်ရောင်ရမ်းမှုတွေဖြစ်ပွားခဲ့ပြီး တချို့စစ်ရှောင်စခန်းတွေမှာ အခုမှစတင်ဖြစ်ပွားတာလည်း ရှိနေတာပါ။

ပါးချိတ်ရောင်ရောဂါဆိုတာ ကလေးများတွေမှာအဖြစ်များတဲ့ ကူးစက်ရောဂါတမျိုးဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးထိုးတာကလည်း အထိ‌ရောက်ဆုံး ကာကွယ်နည်းထဲက တခုဖြစ်ပါတယ်။

၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်း ကာကွယ်ဆေး (MMR vaccine) ကို ထိုးနှံရမှာ ဖြစ်ပါတယ်။ အသက် (၁၂) လနဲ့ (၁၅) လကြားမှာ တကြိမ်၊ အသက် (၄)နှစ်နဲ့ (၆)နှစ်ကြားမှာ တကြိမ်၊ စုစုပေါင်း (၂) ကြိမ်ပြည့်အောင် ထိုးနှံပေးထားတာက ကလေးတွေကို ပါးချိတ်‌ရောင်ရောဂါကနေ (၈၈) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

ရောဂါဖြစ်ရတဲ့အကြောင်းရင်းများ

ပါးချိတ်ရောင်ရောဂါဟာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ တနည်းအားဖြင့် ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး (Mumps virus) ကြောင့်ဖြစ်ပါတယ်။

တံတွေးဂလင်းတွေထဲကမှ parotid gland လို့ခေါ်တဲ့ တံတွေးဂလင်းတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါပိုးရှိတဲ့ ကလေးငယ်တွေဟာ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေက လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူတွေဆီကို အသက်ရှူလမ်းကြောင်းကတဆင့် ဝင်ရောက် ကူးစက်နိုင်ပါတယ်။

အသက် (၂)နှစ်ကနေ (၁၂)နှစ်ကြား ကလေးတွေ၊ အထူးသဖြင့် ကာကွယ်ဆေး မထိုးထားတဲ့ ကလေး တွေမှာ အဖြစ်များပြီး ကာကွယ်ဆေးထိုးထားတဲ့ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေမှာလည်း ကာကွယ်ဆေးကနေရထားတဲ့ ခုခံနိုင်စွမ်းအား လျော့နည်းလာတဲ့အခါ ပါးချိတ်ရောင်ရောဂါ ပြန်လည် ဖြစ်ပွားနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး (၇)ရက် ကနေ (၂၁) ရက် အတွင်း လက္ခဏာတွေကို ပြလေ့ရှိပါတယ်။ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊
ပင်ပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ ဗိုက်အောင့် ဗိုက်နာတာတွေကို ခံစားရနိုင်ပါတယ်။

စဖျားပြီး (၂) ရက်၊ (၃) ရက်မြောက်နေ့တွေမှာ နားရွက်အရှေ့ဘက်နဲ့ အောက်ဘက် (ပါးချိတ်ဂလင်း) တဘက်တည်း (သို့မဟုတ်) နှစ်ဘက်လုံး စတင်‌ရောင်ရမ်းပြီး နာကျင်ကိုက်ခဲလာပါတယ်။ ပါးချိတ် ဂလင်းတွေ ရောင်ရမ်းတာက (၇)ရက် ကနေ (၁၀)ရက်ခန့် ကြာနိုင်ပြီး ‌ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကလေးငယ် (၇၀) ရာခိုင်နှုန်းမှာ ပါးချိတ်ရောင်လက္ခဏာ တွေ့ရတတ်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီးနောက်ပိုင်း ရောဂါလက္ခဏာမပြခင် (၂) ရက်ကနေ ရောင်ရမ်းတာ သက်သာတဲ့ အချိန်ထိ တခြားသူကို ပြန်လည်ကူးစက်နိုင်ခြေ များပါတယ်။ ဒါကြောင့် ကျောင်းတက်ရာသီမှာ ပါးချိတ်ရောင်ဖြစ်နေတဲ့ကျောင်းသားတွေကို ကျောင်းခေတ္တနားခိုင်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ

ပါးချိတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ အဆစ်အမြစ်များ ရောင်ရမ်းတာ၊ အဆုတ်‌ရောင်တာ၊ ဦးနှောက်ရောင်တာ ၊ ဦးနှောက်အမြှေးပါးရောင်တာ၊ ဝှေးစေ့ ရောင်ရမ်းတာ၊ သားဥအိမ် ရောင်တာ၊ သိုင်းရွိုက်ဂလင်း ရောင်တာ၊ နားမကြားတာနဲ့ မုန့်ချိုအိတ်ရောင်တာတွေလည်း ဖြစ်နိုင်ပါတယ်။

ဆယ်ကျော်သက်လူငယ်တွေမှာ အဖြစ်များပြီး ယောကျ်ားလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ များသော အားဖြင့် တဘက်ထဲသာ ရောင်ရမ်းတတ်ပြီး၊ ပါးချိတ်ရောင်ပြီး (၃-၄) ရက်နေမှ ဖြစ်တတ်ပါတယ်။

ပါးချိတ်ရောင်နေချိန် ဘယ်လိုကုသမလဲ

ပါးချိတ်ရောင်ရောဂါအတွက် သီးသန့်ကုသမှုခံယူရတာမျိုး မရှိပါဘူး။ နာကျင်ကိုက်ခဲတာ (ဒါမှမဟုတ်) ဖျားနာတာအတွက် အကိုက်အခဲပျောက်ဆေးတခုခု (paracetamol) သောက်ပေးလို့ရပါတယ်။

ဖျားနာတာ သက်သာဖို့အတွက် သေချာအနားယူသင့်ပါတယ်။ အစာပျော့ပျော့စားပြီး ရေများများ သောက်ပေးဖို့လိုပါတယ်။ တံတွေးဂလင်းတွေ နာကျင်တာ သက်သာဖို့ ရေနွေး (ဒါမှမဟုတ်) ရေအေးကပ်ပေးရမှာဖြစ်ပါတယ်။

အစားမ၀င်ဘဲ မှိန်းနေတာ၊ အသက်ရှူမြန်ပြီး ရင်ဘတ်ချိုင့်တာ၊ မခံမရပ်နိုင်အောင် ခေါင်းကိုက်တာ၊ သတိလစ်တာ၊ တက်တာ၊ ကယောင်ကတမ်းပြောတာ၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ဗိုက်နာတာ စတဲ့ လက္ခဏာတွေ ပြခဲ့မယ်ဆိုရင် အရေးပေါ်အခြေအနေဖြစ်နိုင်တဲ့အတွက် ဆေးရုံဆေးခန်းကို အချိန်မီပြသကုသမှု ခံယူဖို့လိုအပ်ပါတယ်။

ရောဂါပျံ့နှံ့တဲ့ အန္တရာယ်ကို လျှော့ချဖို့အတွက် ပါးချိတ်ရောင်ဖြစ်ပွားနေတဲ့အချိန်မှာ သီးသန့်နေထိုင် သင့်ပါတယ်။

ကိုးကား – NUG, MOH.

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ