spot_img
Homeသတင်းကရင်နီမှာ ငှက်ဖျား၊ တုပ်ကွေးရောဂါ လျှော့ချရေး ကာကွယ်ကုသမှုများ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်လို့ IEC ပြော

ကရင်နီမှာ ငှက်ဖျား၊ တုပ်ကွေးရောဂါ လျှော့ချရေး ကာကွယ်ကုသမှုများ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်လို့ IEC ပြော

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ရှောင်လူထုတွေကြား ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ လက်ရှိအခြေအနေအရ ဒီရောဂါတွေကို ပပျောက်အောင်လုပ်ဖို့ ခက်ခဲပေမယ့် ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ဆက်ပြီးကြိုးစားဆောင်ရွက်သွားမယ်လို့ IEC ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဌာနမှူးကြီး ဆရာဖိလစ် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပပျောက်ဖို့က မလွယ်ဘူးထင်တယ်။ ပပျောက်ဖို့မလွယ်ဘူးဆိုတာက လျှော့ချအောင်လုပ်တာကတော့ အရင်အစိုးရခေတ်ကလည်း အများကြီးလုပ်ခဲ့ပြီးပြီလေ။ ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာက ကျနော်တို့မှာ အစီစဥ်ရှိတယ် ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာက လုပ်ရခက်တယ်လေ။ ဘာဖြစ်လဲဆို လူတွေက တောထဲပုန်းနေရ အမိုးအကာမရှိ ခြင်တွေနဲ့။ အခုလိုအခြေအနေက လုပ်ရတာခက်ပါတယ်။ ဒါပေမဲ့ ကျ‌နော်တို့ လက်လျှော့တာတော့ မဟုတ်ဘူး။ တတ်နိုင်သလောက် ဒီကာကွယ်မှုအပိုင်းတွေနဲ့ ငှက်ဖျားရောဂါ ကုသမှုအပိုင်းကို ကျနော်တို့ ကြိုးစားလုပ်နေပါတယ်။” လို့ IEC ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဌာနမှူးကြီး ဆရာဖိလစ် က ဆိုပါတယ်။

မိုးရာသီတစ်လျှောက် ငှက်ဖျားရောဂါ ဆက်ဖြစ်ပွားနိုင်ခြေရှိသေးပေမယ့် လက်ရှိအချိန်ထိတော့ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေကြောင့် အသက်ဆုံးရှုံးရတဲ့ဖြစ်စဉ် မတွေ့ရသေးဘူးလို့လည်း ဆရာဖိလစ် က ဖြည့်စွက်ပြောထားပါတယ်။

ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေဟာ ပြီးခဲ့တဲ့ ဇွန်လ မိုးရာသီ အစပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေဟာ ကရင်နီပြည်မှာ နှစ်စဉ်ပြန်လည်ဖြစ်ပွားလေ့ရှိပြီး ဒေသခံတွေအတွက် နှစ်တိုင်းရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။

ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေဟာ ခြင်ကနေတစ်ဆင့် အဓိကကူးစက်တာဖြစ်တဲ့အတွက် အလွယ်ဆုံးကာကွယ်နည်းကတော့ ခြင်အကိုက်မခံရအောင် နေထိုင်ဖို့ပဲဖြစ်တယ်လို့ မြေပြင်မှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ဒေါက်တာရဲဇော် က ပြောပါတယ်။

“ကျနော်တို့ အနေနဲ့က ရှင်းရှင်းလေးပါပဲ။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား က ခြင်ကြောင့်ဖြစ်တာကို။ ခြင်မကိုက်ရင်တော့ ဖြစ်စရာအကြောင်း မရှိဘူးပေါ့။ အဲ့တော့ ခြင်မကိုက်စေမဲ့အရာ ကျနော်တို့လုပ်ရင် အလိုလို ပပျောက်သွားမည့်သဘောပါပဲနော်။” လို့ ဒေါက်တာရဲဇော် က ဆိုပါတယ်။

အလားတူ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ဘက်က စစ်ရှောင်စခန်းတွေမှာလည်း လက်ရှိအချိန်ထိ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နေဆဲဖြစ်တယ်လို့ ရှားတောမှာ ကျန်းမာရေးကုသမှုပေးနေတဲ့ ဆရာတစ်ဦး က ပြောပါတယ်။

“ဒီဖက်လည်းဖြစ်ကြတုန်းပဲ။ ဒါပေမဲ့ အရင်လတွေထက်တော့ သက်သာပါပြီ။ အရင်လတွေကဆို စစဖြစ်ကြတုန်းကဆို တစ်ရက်ကို ၁၀ ယောက်လောက် ပေါ်နေတယ် စစ်ရင်။ အခုတော့ တစ်ရက်ကို ၃ ယောက် ပေါ် တဲ့ရက်တွေလည်း ရှိတယ်။ ဖြစ်နေကြဆဲပဲ ဒါပေမဲ့ ပိုသက်သာလာပြီ အဲ့လိုပေါ့။ “လို့ ရှားတောမှာ ကျန်းမာရေးကုသမှု ဆောင်ရွက်ပေးနေသူ ဆရာတစ်ဦး က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ကရင်နီပြည်မှာ ငှက်ဖျားရောဂါ ကူးစက်ခံရသူ ၃၀၀ ဝန်းကျင်ရှိခဲ့ပြီး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးကုသနိုင်ရေးအတွက် ဆေးဝါးလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေး(KnHRG) အဖွဲ့ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ