spot_img
Homeသတင်းဒီးမော့ဆိုအနောက်ဘက်ခြမ်းက ချောင်းတခုမှာ ၂ နှစ်ဝန်းကျင် ကလေးငယ်တဦး မတော်တဆရေနစ်သေဆုံး

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ချောင်းတခုမှာ ၂ နှစ်ဝန်းကျင် ကလေးငယ်တဦး မတော်တဆရေနစ်သေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကွိုင်ငံရေထွက်ပေါက်ကနေ ခွဲထွက်စီးဆင်းလာတဲ့ ချောင်းတခုမှာ အသက် ၁ နှစ် ၉ လအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဓါတ်ပုံ – ပေးပို့

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ နေ့လည်ခင်းအချိန်မှာ ဖြစ်ပွားခဲ့တာပါ။ မိခင် အလုပ်သွားနေချိန် ချောင်းအနီးရှိ စစ်ရှောင်စခန်းကနေအိမ်မှာ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တဲ့ အဆိုပါ ကလေးငယ်ဟာ အဖွား ဝက်စာခုတ်နေစဉ် ပျောက်ဆုံးသွားခဲ့ပါတယ်။ လိုက်လံရှာဖွေရာ ချောင်းထဲမှာ ဖိနပ်ကို ဦးစွာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်ကို မွန်းလွဲ ၂ နာရီကျော်အချိန်မှာ ပြန်တွေ့ခဲ့ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အသက်မရှူတော့ဘူးလို့ ပြောပါတယ်။

“အဝတ်လာလျှော်တဲ့ တစ်ယောက်က ရေပေါ်မှာ ပေါ်လာတယ်ပေါ့ ကလေးက။ နောက် လူကို လှမ်းခေါ်ပြီးတော့ ဒီမှာ ကလေးတစ်ယောက်ပေါ်လာတယ်ပြောတော့ ကျမအမေတို့လည်း ရှာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲ့တစ်ယောက်တွေ့လို့ ကလေးကိုပြန်တွေ့ရတယ်”လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

ရေချောင်းဟာ နေအိမ်ကနေ အိမ်တစ်လုံးကျော်အကွာ၊ ခြေလျင်နဲ့ မိနစ်ပိုင်းသာ သွားရတဲ့နေရာဖြစ်ပြီး ကလေးငယ်က ချောင်းထဲ မတော်တဆပြုတ်ကျကာ ရေစီးနဲ့ မျှောပါသေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မောင်ချားလ်စဘို လို့အမည်ရတဲ့ သေဆုံးသွားတဲ့ ကလေးငယ်ဟာ ဒီးမော့ဆို၊ စံပြခြောက်မိုင်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ မိသားစုတခုရဲ့ တစ်ဦးတည်းသော သားဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး မိခင်နဲ့ အဖွားဖြစ်သူတို့နဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ