ကန္တာရဝတီတိုင်း (မ်)
ကရင်နီရဲ့ ကျေးရွာတွေနဲ့အလှမ်းဝေးတဲ့ ရပ်ကွက်အေ (အမည်လွှဲ) ဆိုတဲ့ နေရာလေးတခုမှာ လူ၃၀၀ ဝန်းကျင်ခန့် နေထိုင်ကြပါတယ်။
သူတို့က ဖရူဆိုမြို့ကစစ်ကြောင်းတွေ၊ ထိတွေ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြရင်းနဲ့ စစ်ဇုန်နဲ့အလှမ်းဝေးတယ်လို့ ယူဆရတဲ့ နေရာတခုမှာ စုပေါင်းနေထိုင်နေကြတာပါ။
အိမ်တွေကလည်း မိုးကာနဲ့ပဲ ဆောက်ထားကြပြီးတော့ ဘေးပတ်ဝန်းကျင်မှာတော့ ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေပါတယ်။
လမ်းရိုင်းလို့ လူတွေခေါ်ကြတဲ့ တောလိုက်ဖို့သုံးတဲ့လမ်းကို မိန်းလမ်းမကြီးလို ကူးသန်းသွားလာနေကြရလို့ အခုလိုမိုးအခါမှာ မြေသားလမ်းတွေက ရွှံ့ဗွက်အဖြစ်ပြောင်းပြီး ရေတွေလည်းအိုင်နေပါတယ်။
သူတို့ကအုပ်စုထဲမှာပဲ ကြက်ဥတလုံးကို ကျပ် ၂၀၀၀ ပေးဝယ်စားရတဲ့အပြင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ကပ်ခွာ ခေါ် pad ထုပ်တွေကိုလည်း ကျပ် ၃၀၀၀ ပေးဝယ်ပြီး သုံးကြရပါတယ်။
ကျပ် ၃၀၀၀ ဆိုတာ ဝင်ငွေရှိနေတဲ့လူတွေအတွက်တော့ ဘာမှမဟုတ်တဲ့ ပမာဏတခုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ရပ်ကွက်အေ (အမည်လွှဲ) ကလူတွေလို အထူးတလည်ဝင်ငွေမရှိ တောထဲမှာ ပုန်းအောင်းနေရတဲ့ မိသားစုဝင်တွေအတွက်တော့ ဟင်း တနပ်စာအတွက်လုံလောက်တဲ့ ပမာဏတခုပါ။
ဒါ့ကြောင့် ရပ်ကွက်အေ (အမည်လွှဲ) မှာ နေထိုင်နေကြတဲ့ အမျိုးသမီးတချို့အတွက်တော့ အမျိုးသမီးကျန်းမာရေးအတွက် သုံးမယ့်အစား ငွေ ၃၀၀၀ ကျပ်ကို လတ်တလော ဆာလောင်နေတဲ့ ဝမ်းကိုဖြည့်ဖို့ ထားတာကပဲ အဓိပ္ပာယ်ပိုရှိနေပါတယ်။

“ရာသီလာရင် ထဘီ နှစ်ထပ်ဝတ်တယ်။ ထဘီရယ် အောက်က ရှော့ပန်(ဘောင်းဘီတို) ပုံစံမျိုးပေါ့ အားကစားဘောင်းဘီလို ပုံစံဝတ်တယ်။ အပြင်တွေဘာတွေ သိပ်မသွားတော့ဘူးပေါ့ ရှင်းရှင်းပြောရလို့ရှိရင်။ အိမ်မှာပဲ နေလိုက်တော့တယ်ပေါ့နော့ တချို့ကတော့” လို့ ရပ်ကွက်အေ(အမည်လွှဲ) မှာ နေထိုင်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။
အမျိုးသမီး သုံးယောက် ရှိတဲ့ သာမာန်မိသားစုတခုက လစဥ်သုံး ဝယ်ဖို့အတွက်တလ ကျပ် ၉၀၀၀ သီးသန့်ဖယ်ထားရဖို့ အခြေအနေရှိနေပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးဒုက္ခတွေကြုံဆုံနေရချိန်၊ ဝင်ငွေရလမ်းတွေမရှိချိန် ဒါမှမဟုတ် ဆာလောင်နေချိန်တွေမှာတော့ အမျိုးသမီးတွေဟာ ကျန်းမာရေးအတွက် ငွေကြေးကို သီးသန့်ဖယ်ထားဖို့မဖြစ်နိုင်သလို၊ တချို့တွေက ဖယ်ထားဖို့ငွေတောင်မရှိကြပါဘူး။
အဲဒီစစ်ရှောင်စခန်းက သူတို့ဆီမှာ ဆေးရုံမရှိပါဘူး။ စာသင်ကျောင်းအင်္ဂါရပ်နဲ့ လုံးဝမကိုက်ညီတဲ့ မိုးကာအဆောင်နဲ့ စာသင်ကျောင်းတကျောင်းတော့ရှိပါတယ်။ ဒါ့အပြင် တရွာလုံးမှာမှ မိုးကာတဲလေးထဲဖွင့်ထားတဲ့ စျေးဆိုင်ငယ်လေး ၂ ခုသာရှိပြီးတော့ ဆိုင်မှာတင်ရောင်းတဲ့ ကုန်တွေကို စစ်ရှောင်စခန်းနဲ့ မိုင်ပေါင်း ၃၀ ကျော်ဝေးတဲ့ဒေသကနေ ကုန်းလမ်း၊ ရေလမ်းတွေဖြတ်ပြီး သယ်ယူထားရတာပါ။
ဒါပေမဲ့လည်း ရပ်ကွက်အေ (အမည်လွှဲ) မှာ တခြားနေရာကနေ ခက်ခက်ခဲခဲ သယ်လာရတဲ့ ကုန်ပစ္စည်းတွေထဲကမှ အမျိုးသမီး လစဥ်သုံးက ရောင်းအား အပါးဆုံးပဲလို့ ဆိုင်ရှင် အမျိုးသမီးတဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီး လစဉ်သုံး (Pad) ကို ၁၉၉၀ ပြည့်လွန်နှစ်တွေ အထူးသဖြင့် ၁၉၉၅ ခုနှစ်နောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးစပြုလာပြီး ပြည်ပကနေ ကုန်တင်သွင်းမှု မြင့်တက်လာချိန်ကစလို့ မြို့ကြီးပြကြီးမှာ စတင်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။
အဲဒီမတိုင်ခင်တုန်းက အမျိုးသမီးတွေဟာ စနစ်တကျ အကွက်ချပြီး ချုပ်လုပ်ထားတဲ့ အဝတ်ဟောင်းတွေကို အသုံးပြုခဲ့ကြတာပါ။ အခုလည်း စစ်အုပ်စုရဲ့ အာဏာသိမ်းကာလ ၊ သမ္မတရာထူးကို လက်ခံယူထားတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်လက်ထက်မှာ အလားတူ အဝတ်ဟောင်းတွေကို တဖန်ပြန်လည်သုံးနေရပါပြီ။
၂၀၂၆ ဖေဖော်ဝါရီလနောက်ပိုင်း ကစပြီး လေးလအတွင်း မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဇွန်လထုတ်ပြန်ချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြပါတယ်။
ဒီလိုတက်နေတဲ့ ကုန်စျေးနှုန်းတွေကြားမှာ ဝင်ငွေမရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေအဖို့တော့ လစဥ်သုံး pad တွေက ဦးစားပေးရမဲ့ အရာတခုအဖြစ် ရှိမနေတော့ပါဘူး။

“ကိုယ်အဆင်ပြေတဲ့ နည်းလမ်းကိုရွေးကြရတာလေးနော့။ အစ်မတို့တောင်မှ ရှင်းရှင်းပြောရင် ဝယ်နိုင်တယ်လို့ ပြောတာတောင်မှ တအားကုန်တာ ညီမလေး။ ဘာလို့ဆို များတဲ့လူလေး။ ဓမ္မတာများတဲ့လူဆိုတော့ တအားကုန်တာပဲလေး” လို့ ရပ်ကွက်အေ(အမည်လွှဲ) မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ဆက်ပြောပါတယ်။
အမျိုးသမီးတွေအတွက် အာဏာသိမ်းစကတည်းက အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပေးဝေနေတဲ့ လူမှုအသင်းအဖွဲ့တွေရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲ ပဋိပက္ခ ၅နှစ်ကာလအတွင်းမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပေးနိုင်တဲ့ အဖွဲ့အစည်းတွေ နည်းလာပါတယ်။ အလားတူ လူထုတွေဟာလည်း စစ်ဘေးရှောင်နေကြရတာကြောင့်လည်း ဝင်ငွေမရှိသူတွေများပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသားတဦးက မိသားစုဝင်တွေအတွက် ရှိတဲ့ ငွေကြေးတွေထဲကနေ အိမ်ထောင်စုအတွင်းက အမျိုးသမီးတွေအတွက် မဖြစ်မနေ သုံးစွဲပေးထားတာရှိတယ်လို့ ဆိုပါတယ်။
“ရှိတဲ့ပိုက်ဆံနဲ့ဝယ်ပေးလိုက်တာပေါ့နော။ ကျနော့်အိမ်ကဆို တူမနှစ်ယောက်၊ မိန်းမ တယောက် သုံးဖို့လိုသေးလို့လေး။ အဲကြောင့်ရှိတဲ့ဟာနဲ့ သူတို့ကို ဝယ်ပေးတာပေါ့နော။ သုံးယောက်ဆို တလ တလ မနည်းဘူးဗျာ မိန်းကလေးမျိုးက။ ဝယ်တဲ့အတိုင်းပဲ သူတို့သုံးတာပဲ။ နေ့သုံး ညသုံး၊ ဆပ်ပြာတို့ဝယ်ရတာပေါ့။ ဝယ်ပေးဖူးမှ နေ့သုံး ညသုံးသိရတယ်” လို့ပြောပါတယ်။
အာဏာသိမ်းကာလမတိုင်ခင်က ကျေးလက်ဒေသမှာအသုံးများတဲ့ ကျပ် ၅၀၀ တန်ဖိုးရှိ blue တံဆိပ် အမျိုးသမီးလစဥ်သုံးတထုပ်ဟာ အခုဆိုရင် ကျပ် ၂၅၀၀ ကနေ ကျပ် ၃၀၀၀ အထိရှိနေပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လက်ရှိ မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခ၊ လောင်စာဆီစျေး နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တို့ကြောင့် ကုန်စျေးနှုန်းမြင့်တက်လာရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
UNDP နှင့် UN Women တို့ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၃ ရက် အစီရင်ခံစာသစ်အရ မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊ အဲဒီနှုန်းထားက အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုများတယ်လို့ပြောပါတယ်။
တဆက်တည်းမှာပဲ အမျိုးသမီးတွေက အခကြေးငွေမရသော အိမ်ထောင်ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို အမျိုးသားများထက် နှစ်ဆနီးပါး ထမ်းဆောင်နေကြရတယ်လို့လည်း ပြောထားပါတယ်။
ဒီအချက်တွေက လက်ရှိမြန်မာအမျိုးသမီးတွေက တကိုယ်ရည်တကာယ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကို အလေးမပေးနိုင်ကြဘူးဆိုတာကို ရည်ညွှန်းနေပါတယ်။
တဘက်မှာလည်း ရှေးယခင်ကတည်းက အမျိုးသမီးတွေရဲ့ ဝင်ငွေရရှိနိုင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်မှုအပေါ် ကန့်သတ်ထားတဲ့ လူမှုစံနှုန်းတွေနဲ့ အခန်းကဏ္ဍသတ်မှတ်ချက်တွေ ရှိခဲ့တာကလည်း လက်ရှိပဋိပက္ခကာလအတွင်း အမျိုးသမီးတွေရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ ဝင်ငွေရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိနေပါတယ်။
“ပိုက်ဆံသုံးဖို့ဆိုရင်လည်း အတော်လေး စဥ်းစားရပါတယ်။ ပြန်မရှာနိုင်မှာကြောက်တော့ ကုန်သွားရင် ဒုက္ခရောက်ကုန်မှာလေး။ ဒီကြားထဲ ဓမ္မတာလာပြီဆိုရင် မိသားစုကို အားနာရတယ်။ ပိုက်ဆံပိုကုန်လို့လေး” လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးငယ်တဦးကပြောပါတယ်။
အဲဒီလို အမြစ်တွယ်နေတဲ့ လူမှုသတ်မှတ်ချက်စံနှုန်းတွေ၊ သဘောထားတွေကလည်း ပဋိပက္ခကာလမှာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားက စီးပွားရေးမညီမျှမှုကို အားဖြည့်ပေးနေတယ်လို့လည်း UNDP အစီရင်ခံစာက ထောက်ပြပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ကတော့ ကရင်နီပြည်က အမျိုးသမီးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ မသန်စွမ်း နဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အထောက်အပံ့တွေအပြင် လစဉ်သုံး PAD တွေကိုလည်း ထည့်သွင်းဝေမျှတာတွေရှိနေပေမဲ့ တပြည်နယ်လုံးအတိုင်းအတာနဲ့ လွှမ်းခြုံမှု မရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုလျော့နည်းလာတာတွေကြောင့်လည်း စစ်ဘေးရှောင်အမျိုးသမီးတွေကို ကူညီထောက်ပံ့မှုကအကန့်အသတ် ပိုများလာတယ်လို့လည်းပြောပါတယ်။
“အခုကလေ အမျိုးသမီးလစဉ်သုံး (ကပ်ခွာ)တွေကို ရယ်ဒီမိတ်အထုတ်တွေပေးမယ်ဆိုတာထက် တချို့ဒိုနာတွေ၊ တချို့အဖွဲ့တွေက ကမ်းလှမ်းလာတဲ့ဟာရှိတယ်။ ပိတ်စတွေနဲ့ ချုပ်ပြီးသုံးတဲ့ဟာမျိုးတွေကို လုပ်ပြီးဖြန့်ဝေပေးတာတို့ ၊သင်တန်းပေးတာတို့ အဲဒါမျိုးတွေအဆင်ပြေမလားဆိုတာကို မိတ်ဆက်တဲ့ဟာမျိုးရှိတော့ရှိနေတယ်။” လို့ KNWOရဲ့ ဗဟိုကော်မတီဝင် နော်ဆားလေ ကပြောပါတယ်။
KNWO ဗဟိုကော်မတီဝင် နော်ဆားလေရဲ့ ပြောကြားချက်အရ Menstrual Poverty လို့ခေါ်တဲ့ (ဓမ္မတာဆိုင်ရာ ဆင်းရဲနွမ်းပါးမှု) ကို လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည် မစီးဆင်းနိုင်တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေက ကြုံနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
(Menstrual poverty (ဓမ္မတာဆိုင်ရာ ဆင်းရဲနွမ်းပါးမှု) ဆိုတာ ဓမ္မတာလာစဉ် လိုအပ်တဲ့ လစဉ်သုံးပစ္စည်းများ၊ သန့်ရှင်းတဲ့ ရေနဲ့ အိမ်သာ၊ ကျန်းမာရေးအသိပညာနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ငွေကြေး၊ ပဋိပက္ခ၊ သဘာဝဘေး သို့မဟုတ် လူမှုရေးအတားအဆီးတွေကြောင့် မရရှိနိုင်ခြင်းကို ဆိုလိုပါတယ်။)

သမိုင်းကြောင်းအရ မြန်မာ့အမျိုးသမီးတွေက အရင်လစဥ်သုံး pad တွေမသုံးနိုင်ကြသေးခင် (အသုံးပြုခွင့်မရသေးခင်) ကာလတွေတုန်းကတော့ အဝတ်စတွေကို အကြိမ်ကြိမ်လျှော်ရင်းသုံးရင်း ပြုလုပ်ခဲ့ကြတာမှန်ပေမဲ့ လက်ရှိအခြေအနေအရ ခြင်၊ယင် ပေါများတဲ့ တောတောင်ထဲမှာ နေထိုင်ကြရပြီး မသန့်ရှင်းတဲ့ရေတွေကို အသုံးပြုနေရအခါ အမျိုးသမီးတွေမှာ ယခင်ကနဲ့ မတူညီတဲ့ ကျန်းမာရေး စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။
အခုလိုအဝတ်စတွေအသုံးပြုတဲ့အခါ ပတ်ဝန်းကျင်၊ ဒါမှမဟုတ် ရေတွေမသန့်ရှင်းတဲ့အခါ အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အနာဖြစ်တာ အပြင် ဓမ္မတာလာတဲ့အချိန် အလွန်နာကျင်ကိုက်ခဲတဲ့ ပြဿနာတွေကို ကြုံလာရနိုင်တာကြောင့် သတိထားရမဲ့အချက်တွေကို ကရင်နီပြည်က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ စိုးရန်နိုင်က အခုလိုအသိပေးပါတယ်။
“Pad ကို ဝယ်ဖို့ ငွေကြေးမတတ်နိုင်တာမျိုး၊ ဒါမှမဟုတ် ဝယ်လို့ကို အဆင်မပြေနေတာမျိုး ရှိနေတယ်ဆိုလို့ရှိရင်တောင် ကျနော်တို့ အဝတ်စလေးတွေပေါ့နော။ ချည်သားအဝတ်စလေးတွေပဲ ဖြစ်ဖြစ်၊ ပိတ်သားစလေးတွေပဲဖြစ်ဖြစ် အဝတ်စလေးကို သန့်ရှင်းတဲ့ဟာပေါ့နော၊ သန့်သန့်ရှင်းရှင်း အဝတ်စလေးတွေ သုံးမယ်ဆိုလို့ရှိရင် အဆင်ပြေနိုင်တယ်။ ဒါပေမဲ့လည်း ရာသီသွေးများလို့ရှိရင်တော့လည်း ၄ နာရီခြား၊ ဒါမှမဟုတ်လို့ရှိရင် ၆ နာရီခြားတခါပေါ့နော၊ တရက်ကို သုံးလေးခုလောက်တော့ လှဲပေးရမယ်။ လှဲပေးပြီးသွားလို့ရှိရင်လည်း ဆပ်ပြာနဲ့သေချာလျှော်၊ ပြီးသွားလို့ရှိရင် ကောင်းကောင်းလှန်းပေါ့နော၊ ခြောက်သွားတဲ့အထိ လှန်းပေးရမှာပေါ့။” လို့ ဒေါက်တာစိုးရန်နိုင်က ပြောပါတယ်။
ဆေးပညာအရ ဓမ္မတာလာရင် အမျိုးသမီးလစဥ်သုံး Pad ကို အသုံးပြုတာအကောင်းဆုံးပဲဆိုတာကိုတော့ ဒေါက်တာစိုးရန်နိုင်က အကြံပြုပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးတွေမှာ ဓမ္မတာလာနေစဉ် ကာလမှာတင်မကသေးပါဘူး ပုံမှန်နေ့ရက်တွေမှာတောင် တကိုယ်ရည်သန့်ရှင်းရေးကို ပိုင်ပိုင်နိုင်နိုင် ပြုလုပ်ဖို့အတွက် စိန်ခေါ်ချက်တွေ ရှိနေပြန်ပါတယ်။
တောထဲမှာ နေထိုင်ရတာဖြစ်လို့ လှန်းထားတဲ့ အဝတ်စပေါ် ပိုးမွှားလာကပ်နိုင်တဲ့ အန္တရာယ်၊ ရေမှာပါလာတဲ့ ပိုးလောက်လန်းတွေကို မတိုက်ဖျက်နိုင်တဲ့အန္တရာယ်၊ သန့်ရှင်းတဲ့အဝတ်စတွေ မဝယ်နိုင်တဲ့ ပြဿနာ၊ ဝါးနဲ့ပြုလုပ်ထားတဲ့ အဝတ်လှမ်းစင်က မှိုတက်နေတဲ့ပြဿနာ၊ ဝါးတဲအိမ်တွေမှာနေထိုင်သူတွေကတော့ ဝါးပိုးကြောင့် ကျလာတဲ့ အမှုန်အမွှားကပ်နိုင်တဲ့ ပြဿနာ၊ ရေအလုံအလောက်မရှိခြင်းကြောင့် ပုံမှန်အဝတ်မလျှော်နိုင်တဲ့ပြဿနာ၊ ဆပ်ပြာမှုန့်ဝယ်ယူဖို့ မတတ်နိုင်ခြင်းကြောင့် ဆရာဝန်မှာကြားတဲ့အတိုင်း အဝတ်ကိုသန့်စင်အောင် အမြဲမထားနိုင်တဲ့ပြဿနာ စသဖြင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေမြောက်များစွာ ရှိနေပါတယ်။
ဒီလိုကျန်းမာရေးခြိမ်းခြောက်မှုတွေက ရပ်ကွက်အေ (အမည်လွှဲ) လို လူသူအရောက်နည်းတဲ့ နေရာတင်မကပဲ ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း အများစုမှာ ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်နေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်က ရပ်ကွက်အေ (အမည်လွှဲ) စစ်ရှောင်စခန်း မှာရှိတဲ့ မဲပေးခဲ့ဖူးသူတွေ အပါအဝင် မြန်မာတနိုင်ငံလုံးကလူထုတွေ ပေးခဲ့တဲ့ မဲရလဒ်ကို မှားယွင်းနေပါတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ လက်ရှိ စစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့အကျိုးဆက်ကြောင့် မပြီးဆုံးနိုင်တဲ့ ပဋိပက္ခနဲ့အတူ ပေါ်ပေါက်လာတဲ့ လူမှုစီးပွားမညီမျှမှုကြားမှာ အမျိုးသမီးတွေရဲ့ ဓမ္မတာသွေးက ထဘီပေါ်မှာ ဆက်ပေနေရဖို့က များနေပါတယ်။







