spot_img
Homeသတင်းလမ်းပန်းဆက်သွယ်ရေးကြောင့် ကရင်နီမှာ ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ခက်ခဲနေ

လမ်းပန်းဆက်သွယ်ရေးကြောင့် ကရင်နီမှာ ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ခက်ခဲနေ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခက်အခဲတွေကြောင့် နယ်မြေဒေသအသီးသီးက ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ခက်ခဲနေအုံးမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

သက်ဆိုင်ရာကျန်းမာရေးဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း ထိန်းချုပ်နယ်မြေအားလုံးမှာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပေမဲ့ ကလေးတိုင်းကို ထိုးနှံပေးနိုင်ခဲ့တာတော့ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

IEC ကျန်းမာရေးဌာနရဲ့ ပြောဆိုချက်အရ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ၅ နှစ်ကျော်ကြာကာလအတွင်း ကလေးငယ် ၃၀ ကနေ ၄၀ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေးထိုးပေးနိုင်သေးတယ်လို့လည်း ပြောပါတယ်။

“လော‌လောဆယ်တော့ ကျနော်တို့ လိုသလောက်အရေအတွက် အပြည့်တော့ မရသေးဘူး။ ဘာဖြစ်လဲဆိုရင် ကာကွယ်ဆေးကတော့ cold chain လို့ခေါ်တဲ့ အအေးကွင်းဆက်နဲ့ သယ်ရတဲ့ခါကျတော့ ပေးတဲ့လူကလည်း အလေအလွင့်ဖြစ်သွားမှာစိုးလို့ ကျနော်တို့ လိုသလောက် မပေးနိုင်သလို အားလုံးရအောင်တော့ လုပ်ဖို့ တော့ အခြေနေလည်း မပေးသေးဘူး‌ပေါ့နော။ အဓိကတော့ အအေးကွင်းဆက်စနစ်နဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးကြောင့်ပဲ အဲတာတွေကို ကျနော်တို့ အပြည့်အဝမလုပ်နိုင်သေးဘူး။ ဒါပေမဲ့ တော်တော်များများတော့ ကျနော်တို့လုပ်နေပါတယ်” လို့ ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

ပုံမှန်အားဖြင့် ကာကွယ်ဆေးကို သိုလှောင်တဲ့အချိန်မှာဖြစ်ဖြစ် သယ်ယူပို့ဆောင်တဲ့အချိန်မှာပဲဖြစ်ဖြစ် ဆေးအာနိသင်မပျက်အောင် အပူချိန် +2°C နဲ့ +8°C ကြားမှာ ထားရပါတယ်။ ဒါ့ကြောင့်လည်း ကာကွယ်ဆေးကို ဒေသတစ်ခုကနေ တစ်ခုဆီ သယ်ယူရတဲ့အခါ ရေခဲပုံးတွေကို အသုံးပြုကြရတယ်လို့လည်း ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

တဖက်မှာလည်း အခုလို မိုးတွင်းကာလမှာ ကရင်နီပြည်၊ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေထဲက လမ်း၊ တံတားပျက်စီးမှုကို ရင်ဆိုင်နေရတာကြောင့် ကာကွယ်ဆေးသယ်ယူတဲ့အခါ မပျက်မစီးအောင် ထိန်းသိမ်းဖို့က ပိုခက်ခဲတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံဖို့ အရင်ဦးစွာ နာမည်စာရင်း ပေးသွင်းရတာဖြစ်ပါတယ်။ အမည်စာရင်းပေးသွင်းထားသူတွေက မိမိတို့နေထိုင်တဲ့ နေရာဒေသအုပ်စုအလိုက် သတ်မှတ်ရက်မှာ လာရောက်ထိုးနှံရပါတယ်။ ဒီလိုစနစ်နဲ့ ထိုးနှံပေးတယ်ဆိုတာကလည်း ဆေးအလေအလွင့် မဖြစ်အောင်ထိန်းသိမ်းရတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း IEC ကျန်းမာရေးဌာနက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုထိန်းသိမ်းရေးနည်းလမ်းကလည်း ဝေးလံခေါင်ပါးပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ ဒေသတချို့မှာ ကလေးငယ်တွေ အသက်အရွယ်အလိုက် အချိန်မီ ကာကွယ်ဆေးထိုးနှံနိုင်မှု အရေအတွက် လျော့နည်းလာစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်၊ ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့် CHDN ဝန်းထမ်းများ၊ IEC ကျန်းမာရေးဝန်ထမ်းများ၊ KnMHC ဝန်များ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တွေ့မြင်ရစဥ် (ဓာတ်ပုံ- CHDN)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ တော်ခူစစ်ရှောင်စခန်းက ဖခင်တစ်ဦးက သူ့ရဲ့ ၃ လသား သမီးငယ်အတွက် ကာကွယ်ဆေးထိုးဖို့ စာရင်းသွင်းထားပေမဲ့ မထင်မှတ်ပဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေကြောင့် သူတို့အုပ်စုမှာ ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးတာဝန်ခံတွေက ရပ်ဆိုင်းလိုက်ရတယ်လို့ ပြောပြပါတယ်။
အခုလို ရပ်ဆိုင်းလိုက်ရတဲ့အပြင် လုံခြုံရေးအတွက် နေရာထပ်ပြောင်းရွှေ့ရတာကြောင့် သူ့ရဲ့ သမီးငယ် ကာကွယ်ဆေးထိုးဖို့ အခက်ကြုံခဲ့တယ်ဆိုတာကို အဆိုပါဖခင်က ရှင်းပြပါတယ်။

“ကျနော်တို့ ဒီဖက်စစ်ရှောင်ဖက်ပြန်ရောက်တော့ ထိုးဖို့၊ ဒါပေမဲ့လည်း ဒီမှာက ကာကွယ်ဆေး ထိုးလို့ရတယ်ပေါ့နော အခုရောက်တဲ့နေရာက။ ဒါပေမဲ့လည်း သူတို့က စာရင်းဇယားနဲ့ လုပ်ရတယ်။ လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အခြား စစ်ရှောင်ကနေ ရောက်လာတဲ့အတွက်ကြောင့် ထိုးလို့မရဘူးပေါ့နော။ ကာကွယ်ဆေးက အဲလိုဖြစ်နေတယ်။ အခက်အခဲရှိနေတယ်။ ဒါပေမဲ့ ကျနော့်သမီးကတော့ ထိုးဖို့လည်း လိုနေပြီပေါ့နော။ ၃ လကျော်နေပြီ။ တစ်ခါပဲထိုးရသေးတယ်ဆိုတော့ ၃ လကျော်တဲ့အတွက်ကြောင့်မို့လို့ ထိုးရတော့မယ့်အနေအထားမှာ ရှိတယ်ပေါ့။ ဒီမှာလည်း ထိုးလို့မရဘူး။ ဒီအုပ်စုက စာရင်းဇယားနဲ့ လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ အခြားအုပ်စုမှာ လှမ်းမေးတယ်ပေါ့နော။ ဆရာမတစ်ယောက်နဲ့ အသိပဲပေါ့။ အဲဖက်မှာ လမ်းမေးတော့ အဲဖက်မှာ ကာကွယ်ဆေးထိုးလို့ရလား မေးတော့ ထိုးလို့ရတယ်တဲ့။ ထိုးလို့ရတယ်ပြောတော့ ကျနော်တို့ ဆိုင်ကယ်နဲ့ သွားထိုးရတယ်။ လမ်းခရီးကတော့ တစ်နာရီခွဲ နှစ်နာရီတော့ ကြာတယ်ပေါ့ ပြောရမယ်ဆိုရင်။ လမ်းကလည်း ကောင်းလိုက် မကောင်းလိုက်နဲ့ အခက်အခဲ အဲလိုတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

အဲဒီ ကလေးငယ်ရဲ့ ဖခင်တစ်ဦး တခြားနေရာကို မရွေ့ပြောင်းမှီအထိ သူတို့နေထိုင်ခဲ့တဲ့ ဒေသအုပ်စုမှာ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားတဲ့ ကလေးငယ်အယောက်၂၀၀ ရှိတယ်လို့လည်းပြောပါတယ်။ ဒါဟာ တစ်ချိန်တည်းမှာ ကလေးငယ် အယောက် ၂၀၀ က စစ်ရေးအခြေနေကြောင့် ကာကွယ်ဆေးထိုးဖို့ လတ်တလောရပ်ဆိုင်းခံလိုက်ရတာဖြစ်ပါတယ်။

အရင်ကတည်းကလည်း သူတို့နေထိုင်တဲ့ ဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကာကွယ်ဆေးအရောက်နည်းပြီး ကလေးငယ်တွေလည်း ကာကွယ်ဆေး ပုံမှန်မထိုးခဲ့ရကြဘူးလို့လည်း ပြောပါတယ်။

ဒါကလည်း လစဉ်ထိုးပေးရမယ့် ကာကွယ်ဆေးတွေကို ထိုးပေးနိုင်တာမဟုတ်ဘဲ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ စစ်ရေးအခြေအနေတို့ကို ချိန်ဆပြီး ၅ နှစ်အောက် ကလေးငယ်တွေကိုသာ ထိုးနှံပေးနိုင်ခဲ့တာလို့ ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ဦးဖိလစ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးစီမံချက်အရ မွေးစကလေးငယ်က အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊ မွေးစ ဒါမှမဟုတ် အသက် ၁ လမှာ ပြင်းထန်တီဘီရောဂါကို ကာကွယ်နိုင်တဲ့ BCG ဆေး၊ အသက် ၂ လမှာ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေးတို့ ထိုးရပါတယ်။

အသက် ၄ လမှာတော့ ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (Rota)၊ ပိုလီယိုပါးစပ်အစက်ချဆေး (OPV)၊ ပိုလီယိုထိုးဆေးတစ်ကြိမ် (IPV) တို့ထိုးရပါတယ်။

အသက် ၆ လမှာ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)၊ ပိုလီယိုအစက်ချဆေး (OPV) ထိုးရပါတယ်။ အသက် ၉ လမှာ ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ အသက် ၁ နှစ်ခွဲမှာ ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ အသက် ၉ နှစ်နဲ့ ၁၀ နှစ်တို့မှာ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဖို့ HPV ကာကွယ်ဆေးတို့ကို တစ်ကြိမ်စီ ထိုးနှံပေးရပါတယ်။

သို့ပေမဲ့ လက်ရှိကရင်နီက ကလေးငယ်တွေဟာ အချိန်မီကာကွယ်ဆေးမထိုးနှံတဲ့အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာကို ကရင်နီမှာ ဆေးကုသပေးနေတဲ့ အထွေထွေကျန်းမာရေး ဒေါက်တာ လီလီက အခုလိုရှင်းပြပါတယ်။

“ကာကွယ်ဆေးတွေကို သတ်မှတ်အသက်အရွယ်မှာ မထိုးနိုင်ဘဲ နောက်ကျသွားရင် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ ကလေးရဲ့ ကိုယ်ခံအားရရှိမှု နောက်ကျသွားနိုင်ပါတယ်။ Dose (လိုအပ်တဲ့ဆေးပမာဏ) မပြည့်သေးရင်လည်း ကာကွယ်မှု အပြည့်အဝ မရနိုင်ပါဘူး။ ဒါကြောင့် ကလေးရဲ့ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့အချိန်မှာ အချိန်မီ ထိုးပေးနိုင်တာ အကောင်းဆုံးပါ” လို့ပြောပါတယ်။

အချိန်မီကာကွယ်ဆေးထိုးနှံနိုင်ခြင်းအားဖြင့် ကလေးငယ်တွေရဲ့ သဘာဝခုခံအားကောင်းစေပြီး ရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လူထုအတွင်း ကူးစက်မှုကို လျော့ကျစေပြီး အားနည်းနေတဲ့ ကလေးငယ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကလေးငယ်တွေရဲ့ အစောပိုင်းနှစ်တွေမှာ ကြိုတင်ကာကွယ်နိုင်ခြင်းက ကျန်းမာတဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ပိုသေချာစေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဌမှာ ပါဝင်တယ်လို့လည်း ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အသိပညာပေးဆောင်းပါးတွေမှာ ဖော်ပြထားပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကာကွယ်ဆေးမထိုးရတဲ့ ကလေးသူငယ်အရေအတွက် ၁ သန်းရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၀၂၄ ခုနှစ်က စစ်တမ်းကလည်း ပြောထားပါတယ်။

လက်ရှိမှာတော့ စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ ကာကွယ်ဆေးပြန်ထိုးပေးနေတဲ့ သတင်းတွေကို စစ်အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြပေမဲ့ လူဦးရေ ဘယ်လောက်ထိ လွှမ်းခြုံနိုင်နေပြီလဲဆိုတာကိုတော့ မသိရပါဘူး။

တော်လှန်ရေးထိန်းချုပ်နယ်မြေမှာတော့ ကာကွယ်ဆေးကို UN အဖွဲ့အစည်းဆီကနေ ရယူနေတာကြောင့် လိုအပ်တဲ့ဆေးအရေအတွက် အလုံအလောက်ရနိုင်ပေမဲ့ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူထုတွေဆီကို ရာနှုန်းပြည့် ပြန်လည်ဖြန့်ဝေ ထိုးနှံပေးလို့ မရနိုင်သေးဘူးလို့ IEC ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

ပြည်တွင်းမှာ ကာကွယ်ဆေးတွေကို သိုလှောင်ရုံထားဖို့ကလည်း လျှပ်စစ်ဓာတ်အား အများအပြား လိုအပ်တယ်လို့ ပြောပါတယ်။ ဆိုလာစွမ်းအားကို အသုံးပြုမယ်ဆိုပါကလည်း လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် မပြုလုပ်နိုင်ဘူးလို့ ခွန်းဖိလစ်က ပြောပါတယ်။

“ကျနော်တို့ ဝန်ထမ်းတွေက လုပ်ချင်တဲ့ စိတ်ဆန္ဒတော့ ရှိကြတယ်။ ဒါပေမဲ့ အခုက သွားလာရေးကစ လုံခြုံရေးကစ အခက်အခဲရှိတော့ အန္တရာယ်လည်း တအားများတယ်။ ဥပမာ ခရီးသွားတယ်ဆိုရင် လမ်းပဲ ကြည့်မနေရဘူး။ မိုးကောင်းကင်လည်း မော့ကြည့်ရတယ် အဲလိုမျိုးဖြစ်ကျတော့လေး အရာရာက ကျနော်တို့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ ကျနော်တို့ လုံခြုံရေးနဲ့ ဘေးကင်းရေး ပေါ်မှာလည်း အများကြီးမှီတည်နေတဲ့အတွက်ကြောင့်မို့လို့ အခြေနေ အပြောင်းအလဲ တစ်ခုခု ကောင်းမွန်လာတဲ့ အခြေအနေမရောက်မချင်းကတော့ အဲတာတွေကတော့ အခက်အခဲ ရှိနေအုံးမှာပဲ။ အားလုံးလုပ်နိုင်တယ်လို့တော့ ကျနော်တို့ ပြောလို့မရဘူးပေါ့လေး” လို့ ခွန်းဖိလစ်က ပြောပါတယ်။

ကရင်နီမှာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ဒေသတွေအထိ ကာကွယ်ဆေးထိုးနှံပေးမှုက ပုံမှန်ရနေပေမဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသက ကလေးငယ်တွေတော့ ကာကွယ်ဆေးပုံမှန်ထိုးဖို့ လက်လှမ်းမမီနိုင်သေးဘဲ ရှိနေဆဲဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ