သိုးကလေး / ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ နှစ်ရှည်စစ်ဘေးရှောင်နေရတဲ့လူထုအတွက် မိုးတွင်းကာလဟာ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာတာ၊ နေထိုင်တဲ့နေရာတွေ နေ့ညမပြတ် စိုစွတ်လာတာနဲ့အတူ ကျန်းမာရေးပြဿနာတွေကိုပါ ပိုမိုရင်ဆိုင်ရတဲ့ကာလ ဖြစ်လာပါတယ်။
အထူးသဖြင့် စစ်ဘေးရှောင်စခန်းတချို့မှာ အရေပြားယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ရေကြည်ဖုများထွက်ခြင်းနဲ့ အနာများဖြစ်ပွားခြင်းတွေကို ကလေးငယ်တွေအပါအဝင် လူကြီးတွေကလည်း အများအပြား ခံစားနေရပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဖရူဆိုမြို့နယ် ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာ ကလေးတွေ၊ ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူအများအပြား အရေပြားယားယံခြင်းနဲ့ အဖုအပိန့်တွေကို ခံစားခဲ့ရပြီး ဆေးဝါးမလုံလောက်မှုကြောင့် ကုသရေး အခက်အခဲတွေ ရှိခဲ့ပါတယ်။ တချို့နေရာတွေမှာတော့ အရေပြားပြဿနာတွေဟာ တကြိမ်ဖြစ်ပြီး ပြန်ပျောက်သွားတာမဟုတ်ပဲ ထပ်ခါတလဲလဲ ဖြစ်ပွားနေတာပါ။
စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားပြဿနာ ဖြစ်ပွားနေတာဟာ မိုးရာသီတခုတည်းကြောင့် ဖြစ်လာတာလို့ မဆိုနိုင်ပါဘူး။ သန့်ရှင်းတဲ့ရေ လုံလောက်စွာ မရရှိခြင်း၊ လူဦးရေ ထပ်ကြပ်စွာ နေထိုင်ရခြင်း၊ တကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းဖို့ ခက်ခဲခြင်းနဲ့ ဆေးဝါးရရှိမှု အကန့်အသတ်ရှိခြင်း တို့ကလည်း အရေပြားပြဿနာတွေကို ရေရှည်ဖြစ်ပွားစေနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ကျန်းမာရေးလုပ်သားတွေက သုံးသပ်ပြောဆိုထားပါတယ်။

အခုလို အရေပြားပြဿနာတွေ ရှိနေတဲ့အချိန်မှာ မိုးရာသီဝင်လာတာကြောင့် စိုစွတ်တဲ့ရာသီဥတုက ရောဂါလက္ခဏာတွေကို ပိုမိုကြာရှည်စေနိုင်တယ်လို့ ကျန်းမာရေးလုပ်သားတွေက သုံးသပ်ပါတယ်။
“ဒီကာလမှာ အရေပြားယားယံတာ တခုတည်းတော့ မဟုတ်ဘူးပေါ့။ တခြားရောဂါလည်း ပိုမိုဖြစ်ပွားလေ့ရှိတယ်။ (ဥပမာ) ရာသီတုပ်ကွေးလား၊ ဝမ်းပျက်ဝမ်းလျှောမျိုး ဒါတွေက ဒီကာလမှာ ကူးစက်မြန်ပါတယ်။ အရေပြားယားယံတာနဲ့ ပတ်သက်ရင်တော့ မိုးကာလမှာ စိုစွတ်တဲ့အတွက်ကြောင့် မိုးကာလဖြစ်ရင် ပိုပြီးတော့ကြာရှည်အောင် ခံစားရတာပေါ့နော်” လို့ ကျန်းမာရေးလုပ်သား အမျိုးသမီး တဦးက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ဖယ်ခုံမြို့နယ် မယ်စုံ (တောင် ) စစ်ဘေးရှောင်စခန်းမှာ အရေပြားပြဿနာ ခံစားနေရသူတွေရှိပေမယ့် စခန်းအတွင်းဆေးပေးခန်းမရှိတာကြောင့် နီးစပ်ရာကျေးရွာတွေကို သွားရောက်ကုသရပြီး မိုးရာသီမှာ သွားလာရေးက ပိုမိုခက်ခဲနေပါတယ်။
စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေက တလတကြိမ်ကွင်းဆင်းပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ ဖျားနာတာ ၊ အရေပြားယားယံတာကို ဆေးကုသနိုင်ဖို့ တခြားနီးစပ်ရာ ကျေးရွာတွေမှာ သွားရောက် ပြသနေကြရပါတယ်။
တချို့စခန်းတွေမှာတော့ အရေပြားရောဂါဖြစ်ပွားမှုတွေကို ကုသဖို့လိုအပ်တဲ့ဆေးဝါးတွေ မလုံလောက်တာကြောင့် ရရှိတဲ့ဆေးဝါးကို မျှဝေသုံးစွဲရတာ၊ အပြင်မှာဆေးဝယ်ယူရတာနဲ့ ဒေသတွင်း ရိုးရာနည်းလမ်းတွေကို အားကိုးရတာတွေလည်း ရှိပါတယ်။
အရေပြားပြဿနာတွေအပြင် မိုးရာသီကာလမှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား၊ မသန့်ရှင်းတဲ့ရေကတဆင့် ဖြစ်ပွားနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း စစ်ဘေးရှောင်လူထုတွေ ပိုမိုသတိထားဖို့ လိုအပ်ပါတယ်။
“တုပ်ကွေး၊ ငှက်ဖျား ခြင်ကိုက်တာမျိုးဆို ဖြစ်နိုင်တယ်၊ ဝမ်းပျက်ဝမ်းလျောလည်း ဖြစ်နိုင်တယ်၊ မိုးကျပြီဆိုတော့ အကောင်တွေများတယ်၊ ယင်ကောင်တွေ၊ ခြင်တွေပေါ့နော်။” လို့ ကျန်းမာရေးလုပ်သား အမျိုးသမီးတဦးက ပြောပါတယ်။
မိုးရာသီမှာ စိုစွတ်မှုကြောင့် အဝတ်အစားတွေ ခြောက်သွေ့အောင်ထားဖို့ ခက်ခဲလာသလို စစ်ဘေးရှောင်စခန်းတချို့မှာ ရေကိုချွေတာသုံးစွဲရတာကြောင့် ပုံမှန်တကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းဖို့လည်း အခက်အခဲရှိပါတယ်။ အဲဒီအခြေအနေတွေက ဝဲ၊ ပွေး၊ မှိုရောဂါနဲ့ အခြားအရေပြား ပိုးဝင်မှုတွေဖြစ်ပွားဖို့အခြေအနေ ပိုမိုဖြစ်စေနိုင်ပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ Health Cluster ရဲ့ အစီရင်ခံစာမှာလည်း ကရင်နီအပါအဝင် မြန်မာနိုင်ငံတဝန်း အရေပြားပိုးဝင်ရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာနေပြီး အစီရင်ခံရတဲ့ နေရာအရေအတွက်လည်း ပိုမိုများပြားလာပါတယ်။ အရေပြားပိုးဝင်ရောဂါတွေကို ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနဲ့ တနင်္သာရီ တို့မှာ တွေ့ရှိထားပါတယ်။ အရေပြားရောဂါ ကုသရန်လိုအပ်တဲ့ဆေးဝါးတွေ ရရှိနိုင်ပြီး Health Cluster မှာ တောင်းခံရယူနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကရင်နီမှာ နှစ်ရှည်စစ်ဘေးရှောင်နေရတဲ့လူထုအတွက် အရေပြားရောဂါဟာ မိုးရာသီရောက်မှ ရုတ်တရက်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတခုမဟုတ်ပဲ ရေရှားပါးမှု၊ တကိုယ်ရေသန့်ရှင်းရေး အခက်အခဲ၊ လူနေထူထပ်မှု၊ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုရရှိရေး အခက်အခဲတွေ ပေါင်းစပ်နေတဲ့ ပြဿနာတခုဖြစ်နေပါတယ်။
အရေပြားယားယံမှုနဲ့ ရောဂါများကို ကာကွယ်နိုင်ဖို့ အခက်အခဲတွေကြားက လိုက်နာနိုင်တဲ့ အခြေခံ ကျန်းမာရေးနည်းလမ်းတွေရှိကြောင်းကိုလည်း ကျန်းမာရေးသိနားလည်သူတွေက အခုလို ပြောပြထားပါတယ်။
“အဝတ်အထည်၊ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ထားရှိခြင်း၊ မိုးရေစိုသွားတဲ့ အဝတ်အစားကို ချက်ချင်းလဲလှယ်ရမယ်။ အဝတ်အထည်ကို တတ်နိုင်သမျှ လေဝင်လေထွက်ရှိတဲ့ နေရာ (သို့) နေရောင်ရတဲ့နေရာမှာ သေချာစွာလှန်းရမယ်။ အဝတ်အထည် ပူးတွဲမသုံးစွဲသင့်ဘူး၊ ဝဲ နှင့် မှိုရောဂါ ကူးစက်မှုကို ကာကွယ်ရန် တဘက်၊ အဝတ်အစားနဲ့ အိပ်ရာခင်းများကို တဦးနဲ့တဦး မျှဝေမသုံးစွဲပါရဘူး။ ရေကို ကျိုချက်သောက်သုံးရမယ်၊ သောက်သုံးရေကို ဆူအောင်ကျိုချက်ရမယ် (သို့ ) ရေသန့်ဆေးပြား၊ အရေပြားယားယံတဲ့အခါ လက်သည်းနဲ့ ပြင်းထန်စွာ ကုပ်ရင် ဘက်တီးရီးယား ထပ်မံဝင်ရောက်ပြီးအနာရင်းနိုင်ပါတယ်။” လို့ ကျန်းမာရေးလုပ်သားတဦးက ပြောပါတယ်။
အရေပြားပြသနာကို ရင်ဆိုင်ရပြီး ဆေးရရှိဖို့ခက်ခဲတဲ့အချိန်မှာ သနပ်ခါး ( သို့မဟုတ် ) အအေးဓာတ် ပေးနိုင်တဲ့ Lotion တမျိုးမျိုးကို အသုံးပြုထားနိုင်တယ်လို့လည်း ဆိုပါတယ်။
အမြစ်မပြတ်နိုင်တဲ့ အရေပြားယားယံမှုနဲ့ မိုးတွင်းမှာ ကျန်းမာရေးပြသနာတွေ ပိုမိုရင်ဆိုင်နေရတဲ့ ကရင်နီစစ်ဘေးရှောင်လူထုအတွက် သန့်ရှင်းတဲ့ရေ ရရှိရေး၊ တကိုယ်ရေသန့်ရှင်းရေးအတွက် ထိန်းသိမ်းနိုင်ရေးတွေအပြင် လိုအပ်တဲ့ဆေးဝါးတွေလက်လှမ်းမီရေးဟာ နေ့စဉ်ဘဝထဲက မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်နေပါတယ်။ မိုးရေစိုစွတ်မှု၊ ရေရှားပါးမှုနဲ့ လူနေထူထပ်မှုတွေကြား အရေပြား ဝေဒနာကို ရေရှည်ခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက်တော့ ရောဂါကုသမှုတင်မကပဲ သန့်ရှင်းတဲ့ရေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေပါ အမြဲလိုအပ်နေဆဲ ဖြစ်ပါတယ်။






