spot_img
Homeသတင်းဒီးမော့ဆို (ရှေ့) မြို့နယ်မှာ နှမ်းတပိဿာ ၈,၀၀၀ ကျပ်အထိ ထပ်မံကျဆင်း

ဒီးမော့ဆို (ရှေ့) မြို့နယ်မှာ နှမ်းတပိဿာ ၈,၀၀၀ ကျပ်အထိ ထပ်မံကျဆင်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တောင်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ အစောပိုင်းကာလမှာ တပိဿာကို ၉,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တပိဿာကို ၈,၀၀၀ ကျပ်အထိ ဈေးကျဆင်းလာတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

နှမ်းစတင်ထွက်ရှိတဲ့ ဩဂုတ်လအတွင်းမှာ နှမ်းတပိဿာကို ၉,၀၀၀ ကျပ်ဝန်းကျင်အထိ ရရှိခဲ့ပေမယ့် ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်မယ်လို့ မျှော်လင့်ပြီး တောင်သူအချို့က ရောင်းချဖို့အချိန်ကို စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ဒုတိယပတ်ကစပြီး နှမ်းတပိဿာကို ကျပ် ၁,၀၀၀ ဝန်းကျင် ထပ်မံကျဆင်းလာတာ ဖြစ်ပါတယ်။

“ဒီနှမ်းစ စထွက်တဲ့အချိန်ကဆိုရင် တပိဿာကို ၉,၀၀၀ လောက်ရှိတယ်။ အခုနောက်ပိုင်းကျတော့ ဈေးက ၁,၀၀၀ လောက် ကျသွားတယ်။ ပြီးခဲ့တဲ့နှစ်က ဈေးနဲ့နှိုင်းယှဉ်ရင် အနည်းဆုံးတော့ တပိဿာကို ဓာတ်ဆီတလီတာလောက်တော့ ရသင့်တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် အခုက ပိုပြီးတော့တောင် ကျသွားတယ်။ တပိဿာကို ၁,၀၀၀ နှုန်းလောက်တောင် ကျသွားတယ်” လို့ နှမ်းစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ခူးစေးရယ်က ပြောပါတယ်။

လက်ရှိ နှမ်းဈေးနှုန်းအပေါ် တောင်သူတွေက ဆက်လက်စောင့်ကြည့်နေကြပြီး ဈေးနှုန်းက အခုအတိုင်း ဆက်လက်ကျဆင်းနေမယ်ဆိုရင် လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဈေးကို နည်းနည်းထပ်စောင့်ကြည့်တာပေါ့နော်။ အကယ်လို့ ဈေးက ဒီအတိုင်းပဲဆိုရင်တော့ လာမယ့်နှစ်အတွက် စားဝတ်နေရေးက တော်တော်လေး စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ဒီနှမ်းကိုပဲ အဓိကမှီခိုနေရတဲ့ အနေအထားဖြစ်နေတယ်” လို့ ခူးစေးရယ်က ဆက်ပြောပါတယ်။

နှမ်းကို တင်ပို့ရောင်းချတဲ့ လမ်းကြောင်း အခက်အခဲကြောင့် နှမ်းဈေးနှုန်းကျဆင်းတာဖြစ်နိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်း ဒေါ်တမကြီး ကျေးရွာအုပ်စုက စစ်ဘေးရှောင်တောင်သူအများစုဟာ စားဝတ်နေရေးအတွက် နှမ်းစိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခိုနေရတာဖြစ်ပြီး နှမ်းဈေးနှုန်းကျဆင်းလာတာဟာ စစ်ဘေးရှောင် တောင်သူတွေရဲ့ ဝင်ငွေအပေါ် ထိခိုက်မှုရှိလာနိုင်တယ်လို့ ဆိုပါတယ်။ နှမ်းဈေးကျပေမယ့် စားဝတ်နေရေးအခက်အခဲကြောင့် ရောင်းချနေရတဲ့ တောင်သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ နှမ်း တပိဿာကို ၁သောင်းခွဲဝန်းကျင်အထိ ရှိခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ