spot_img
Homeသတင်းဝါရီဆူးပလိုင်မှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦး သေဆုံး

ဝါရီဆူးပလိုင်မှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့က ဝါရီဆူးပလိုင်ကျေးရွာမှာ ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့က အာဏာသိမ်းစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ရှောင်စခန်းကနေ ထင်းသယ်ဖို့ ရွာပြန်လာတာဖြစ်ပြီး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က ညနေပိုင်း ၄ နာရီမှာ ထိသွားတာ။ ဆုံးသွားတဲ့ အမျိုးသမီးကိုတော့ သူ့နေတဲ့ စစ်ရှောင်စခန်းမှာ ပြန်ခေါ်လာပြီ။ အရင်ပတ်ပဲ အဒေါ်တစ်ယောက် ဒဏ်ရာရသေးတယ်။ ရွာထဲမှာထိတာ။ ရွာထဲတော့ လက်နက်ကြီး ခနခဏကျတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာအနီးထိ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း မရောက်ရှိပေမယ့် လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဒရုန်းနဲ့ ကင်းထောက်ပျံဝဲမှုတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် စစ်ရေးအခြေအနေကြောင့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ ခေါင်းစံလမ်းနဲ့ သွားလာခွင့်ပိတ်ထားတဲ့ လမ်းကြောင်းအားလုံးကို လုံခြုံရေးအရ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ