ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း (ကေးလျား) မြို့နယ်က ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်တွေမှာ လူမရှိတာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
“မနေ့က ကြဲတာ၊ လေးလုံးကြဲတယ်။ သုံးလုံးတော့ ကွဲတယ်။ လူနေအိမ်တော့ တချို့ထိခိုက်ပျက်စီးသွားတာပေါ့” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံတွေရဲ့ နေအိမ် ၂ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း အာဏာသိမ်းစစ်တပ်က ကေးလျားမြို့နယ်က တောင်ယာခင်းတနေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ မြေပဲသိမ်းယူနေတဲ့ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က တောင်ယာလုပ်ငန်းခွင် စတင်တဲ့ ဇွန်လကတည်းက တောင်ယာခင်းထဲမှာရှိတဲ့ တောင်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့ ကင်းထောက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေ သတိထားနေထိုင် သွားလာနေရပြီး စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း ပြောပါတယ်။







