ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်း တနေရာကို ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“၃ နာရီ၊ ၃ နာရီခွဲ အဲ့ကြားမှာပဲ လာကြဲသွားတာ။ လာကြဲတဲ့ချိန် အမျိုးသားနှစ်ဦးကတော့ အသက်ဆုံးရှုံးသွားတယ်ပေါ့နော်။ တဦးကတော့ အသက် ၆၂၊ ၆၃ ဝန်းကျင်ရှိတယ်။ နောက်တယောက်ကတော့ အသက် ၃၀ ဝန်းကျင်ရှိတယ်။ သေဆုံးသွားတဲ့ အသက် ၃၀ တယောက်က သူ့သားလည်း ထိတယ်။ စိုးရိမ်ရတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အသက် ၆၃ နှစ်ဝန်းကျင် အမျိုးသားတဦးနဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ၄ နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦးလည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ အဆိုပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
“ကြဲတာက နှစ်နေရာကြဲတယ်။ မြောက်ပိုင်းဖက် အရင်ကြဲတယ်၊ အိမ်လည်းပျက်စီးတယ်။ ပြီးတော့ ဒုတိယတခေါက်ကျတော့ တောင်ပိုင်းဖက်မှာပေါ့။ အိမ်လည်း ၃ လုံး ပျက်စီးတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ ပေါင်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးရဲ့ မျက်နှာမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလအတွင်း ကရင်နီပြည်က ဘောလခဲ၊ ရှားတော(ဆိုမိုဖရေစိုးလေး)၊ ဖားဆောင်းမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပါတယ်။






