ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ရေဂူတောင်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်မိသားစုတစု နေထိုင်တဲ့ တဲအိမ်တလုံး မီးလောင်ခဲ့တာကြောင့် ပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် ည ၉ နာရီဝန်းကျင်မှာ အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးဟာ မီးထွန်းထားတဲ့ ဖယောင်းတိုင်ကို ငြှိမ်းဖို့မေ့ပြီး အပြင်ထွက်သွားရာကနေ မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ဆန်၊ စောင်တွေအပါအဝင် တဲအိမ်တခုလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
“လောလောဆယ်တော့ အဆင်မပြေသေးဘူး။ ကျနော်တို့ စစ်ရှောင်က အလှူရှင်တယောက် နည်းနည်းပေါ့နော၊ ကျနော်တို့ စစ်ရှောင်အတွင်းမှာပဲ လိုက်ကောက်တာရှိတယ်” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
နေအိမ်မီးလောင်ခဲ့တဲ့ မိသားစုမှာ လူဦးရေ ၃ ဦးရှိပြီး အားလုံးဘေးကင်းတယ်လို့ သိရပါတယ်။ အဆိုပါတဲအိမ်ဟာ တခြားစစ်ရှောင်တဲအိမ်တွေနဲ့ ခပ်ခွာခွာ ဆောက်ထားတာကြောင့် မီးကူးစက်လောင်ကျွမ်းမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရေဂူတောင်စစ်ရှောင်စခန်းမှာ နေထိုင်ကြသူတွေဟာ ရာသီဥတုဖြစ်စဉ်တွေကြောင့် နေအိမ်တဲတွေပေါ် ကျောက်တုံးလိမ့်ကျတာနဲ့ မြွေကိုက်ခံရတာ ကြုံတွေ့ရသူရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။







