ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေဘက်ကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခု နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ လေးရက်အတွင်း အာဏာသိမ်းစစ်တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားနေအိမ်တလုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“နှစ်ဘက်တိုက်ပွဲဖြစ်တာမျိုး မရှိဘူး။ ဒီလအစကနေဆို လက်နက်ကြီးထု (ပစ်) တာ ၃ ခေါက်လောက်ရှိပြီ။ ရွာထဲ လက်နက်ကြီးကျပြီး အိမ်တလုံးလည်း ထိသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေအပြင် အာဏာသိမ်းစစ်တပ်က ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ကျေးရွာတွေအပေါ် ပျံဝဲတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တချို့ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေတယ်လို့ ပြောပါတယ်။







