spot_img
Homeသတင်းရက်သတ္တပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စပါးစိုက်တောင်သူတွေ အခက်ကြုံ

ရက်သတ္တပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စပါးစိုက်တောင်သူတွေ အခက်ကြုံ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က နေရာတချို့မှာ ရက်သတ္တပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီးတဲ့စပါး အခြောက်လှမ်းဖို့ အခက်အခဲကြုံနေပြီး စပါးတွေ မှိုတက်ပျက်စီးမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

နိုဝင်ဘာလအတွင်း စပါးရိတ်သိမ်းပြီးနောက် အခြောက်ခံနေချိန်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် စပါးအရည်အသွေးထိခိုက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒီးမော့ဆို(ရှေ့)မြို့နယ်က တောင်သူ အမျိုးသားတဦးက ပြောပါတယ်။

“ကျနော်ဟာဆို ပိုဆိုးတယ်။ ရိတ်တဲ့အချိန်မှာတုန်းက စပါးက သိပ်ပြီးမမှည့်တော့လေ။ အခုရိတ်ပြီး ပြန်လှန်းတဲ့အချိန်တော့လည်း မိုးတွေက ဆက်တိုက်ရွာနေတယ်။ တချို့တွေဆို မှိုတက်ကုန်ပြီလား မသိတော့ဘူး” လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဗုံးကြဲမှု အန္တရာယ်တွေကြောင့် တောင်သူအများစုဟာ စပါးရိတ်သိမ်းချိန်မှာ အချိန်ကုန်သက်သာပြီး မြန်ဆန်စေဖို့ စပါးချွေလှေ့စက်တွေကို အသုံးပြုလာကြပါတယ်။

စပါးချွေလှေ့စက်နဲ့ ရိတ်သိမ်းပြီးရရှိလာတဲ့ စပါးစေ့တွေကို အစိုဓာတ်လျော့နည်းပြီး ခြောက်သွေ့သွားစေဖို့ အနည်းဆုံး ၂ ရက်ဝန်းကျင် နေပူလှန်းရတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မိုးဆက်တိုက်ရွာသွန်းနေတဲ့အခါ စပါးတွေကို အချိန်မီ အခြောက်ခံနိုင်ခြင်းမရှိဘဲ မှိုတက်ပျက်စီးတာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆို(ရှေ့)မြို့နယ်မှာ ယခုနှစ် စိုက်ပျိုးရာသီအတွင်း ရာသီဥတုမမှန်ကန်မှုတွေကြောင့် စပါးအထွက်နှုန်းလည်း ကျဆင်းနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ နေ့စဉ်အသိပေးချက်အရ အရှေ့ဘက်မှလာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။

မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးသီးနှံတွေ ထိခိုက်ပျက်စီးတာနဲ့ ရိတ်သိမ်းပြီးသီးနှံတွေ အခြောက်ခံရာမှာ အခက်အခဲမဖြစ်စေဖို့ တောင်သူတွေအနေနဲ့ မိုးလေဝသအခြေအနေကို စောင့်ကြည့်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကြိုတင်သတိပြုဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ