ကန္တာရဝတီတိုင်း(မ်)
ကိုးရီးယားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ထောက်ခံမှုပေးဖို့နဲ့ ပြည်တွင်း၊ နယ်စပ်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံမှာ “Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ လုပ်ခဲ့တာပါ။
ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ SCEF ရဲ့ ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဆောင်ရွက်နေမှုတွေကိုလည်း ရှင်းလင်းတင်ပြခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ SCEF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါဆွေးနွေးပွဲကိုလည်း ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party (RKP) အမတ် Kim Jun-hyung နဲ့ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့က ကမကထပြုကျင်းပခဲ့တာ ဖြစ်ပါတယ်။
RKP လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Kim Jun-hyung အပါအဝင် လွှတ်တော်အမတ်တွေက တက်ရောက်ခဲ့ကြပြီး SCEF အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး (၁) နဲ့ IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလိုး ၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei နဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့က တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲမှာ ကိုးရီးယားလွှတ်တော်အမတ်နဲ့ သဘာပတိတွေက SCEF မှာ အဓိကအဖွဲ့အစည်းအချို့ ပါဝင်လာခြင်းမရှိသေးတဲ့အခြေအနေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာခွဲဝေမှု၊ စစ်ကောင်စီက အရပ်သားအစိုးရပုံစံနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေမှုတို့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။
တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကူးပြောင်းရေးကို ထောက်ခံလာစေဖို့ SCEF အနေနဲ့ ဘယ်လို စည်းရုံးဆောင်ရွက်မလဲ၊ ကိုရီးယားလွှတ်တော်၊ အစိုးရထံမှ ဦးစားပေးလိုလားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဘယ်အရာဖြစ်ကြောင်းကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မေးခွန်း အပေါ် SCEF ကိုယ်စားလှယ်တွေက တိုင်းရင်းသားအဖွဲ့အစည်း၊ ဖက်ဒရယ်ယူနစ်တွေနဲ့ တော်လှန်ရေးအင်အားစုအားလုံး ထိတွေ့ဆွေးနွေးနေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘုံသဘောတူညီမှုအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အရပ်သားပြည်သူတွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ စစ်တပ်ကို ကိုးရီးယားအပါအဝင် နိုင်ငံတကာက အသိအမှတ်မပြုသေးတဲ့ လက်ရှိရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ကြောင်းလည်း တပါတည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်၊ အိန္ဒိယ၊ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နယ်မြေတည်ငြိမ်မှုကို အာမခံနိုင်ပြီး မူဝါဒတစ်ခုတည်းနဲ့ ဆက်ဆံနိုင်တဲ့ မဟာမိတ်တပ်ပေါင်းစုကို မိတ်ဖက်အဖြစ် လိုလားနိုင်ကြောင်း၊ ကိုးရီးယားအစိုးရ လွှတ်တော်ဆီက မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂသံအမတ်ကြီးအား ဆက်လက်ထောက်ခံပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ပေးအပ်ဖို့ SCEF က တင်ပြ တောင်းဆိုခဲ့ကြပါတယ်။
ဓါတ်ပုံ – SCEF






