ကန္တာရဝတီတိုင်း ( မ် )
နေအပူရှိန် သိသိသာသာ မြင့်တက်လာတာကြောင့် ခြံစိုက်တောင်သူတွေရဲ့ စိုက်ခင်းအတွင်းက ရေတွင်းတချို့မှာ ပြီးခဲ့တဲ့နှစ်တွေထက် ရေခမ်းခြောက်မှု ပိုမြန်လာတယ်လို့ ဒီးမော့ဆိုတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ရေတွင်းရေ အခုလောက် လျော့နည်းတာမရှိပေမယ့် ဒီနှစ်မှာတော့ ရေပမာဏ သိသိသာသာ လျော့နည်းလာနေပြီလို့ ဆိုပါတယ်။
“နေပူတယ်ကော ဒီနှစ်လည်း ရေက ကျကျလာပြီကော ရေတွင်း။ ရေပိုလျော့တယ် ဒီတနှစ်။ အရင်နှစ် ခုချိန်က အဲ့လောက်မလျော့သေးဘူး” လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
အပူရှိန်ကြောင့် မြေကြီးတွေ ခြောက်သွေ့ပြီး အက်ကွဲလာတဲ့အပြင် နေပူထဲမှာ အလုပ်လုပ်ပြီးတဲ့အခါ ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေ ပိုမိုကြုံတွေ့လာရတယ်လို့လည်း အဆိုပါတောင်သူက ဆက်ပြောပါတယ်။
စိုက်ခင်းအတွင်းက ရေတွင်းတွေ ရေခမ်းခြောက်ပြီး ရေမရရှိတော့ရင် လက်ရှိစိုက်ပျိုးနေတဲ့နေရာမှာ ဆက်လက်စိုက်ပျိုးလို့မရတော့ဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့် ရေအရင်းအမြစ်ရှိတဲ့ နေရာတွေကို ပြောင်းရွှေ့စိုက်ပျိုးရမယ့် အခြေအနေရှိလာနိုင်တယ်လို့ တောင်သူတွေက ဆိုပါတယ်။
“စိုက်ပျိုးလို့ မရတော့ဘူး။ ရေခမ်းသွားရင် ဟိုအောက်ဘက် ရေရှိတဲ့နေရာ သွားစိုက်ရမှာပေါ့” လို့ တောင်သူတဦးက ပြောပါတယ်။
ဒီနှစ်က ပြီးခဲ့တဲ့နှစ်ထက် အပူချိန်မြင့်တက်တာနဲ့ မိုးရွာသွန်းမှုပုံစံ မမှန်တာတွေကြောင့် မြေကြီးကွဲအက်ပြီး ခြောက်သွေ့လာသလို ဒေသထွက်သီးနှံစိုက်ခင်းတချို့မှာလည်း ပိုးကျမှု ပိုများလာတယ်လို့ တောင်သူတွေက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ယခင်ကာလတွေထက် ပိုမိုပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကြုံတွေ့ရနိုင်ပြီး စိုက်ပျိုးရေနဲ့ ရေအရင်းအမြစ်တွေ လျော့နည်းလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။







