spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်ကနေတောင်သူတွေကို ပစ်ဒဏ်ထပ်မံချမှတ်ဖို့ ပြင်ဆင်ချက်တက်တဲ့အပေါ် ဖြေလျော့ပေးဖို့တောင်သူတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်ကနေ တောင်သူတွေအပေါ် ပစ်ဒဏ်ထပ်မံချမှတ်ပေးဖို့ ကယားပြည်နယ် တရားလွှတ်တော်ရုံးသို့ ပြင်ဆင်ချက်တက်တဲ့အပေါ်မှာ ပြန်လည်ဖြေလျော့ပေးဖို့ စဉ်းစားပေးစေချင်တယ်လို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီက “အထူးသဖြင့် ခုချိန်မှာ စိုက်ပျိုးရာသီဖြစ်နေတယ်ပေါ့နော ကိုယ့်စားဝတ်နေရေးအတွက်လုံးပန်းနေရတဲ့အချိန်မှာ ဒီလိုစိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်စေတဲ့အရာကို ထပ်လုပ်တယ်ဆိုတာက လုံးဝမတရားဘူးလို့ပဲ ကျတော်ပြောချင်တာပေါ့နော။ တောင်သူတွေဖက်ကတော့ ခံရမယ့်ဖက်ကပဲပေါ့နော ဆိုတော့ အစိုးရကော တပ်မတော်ဖက်ကကောပေါ့နော ဒါတွေကို ပြန်လည်ပြီးတော့မှ စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။

အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ လွိုင်ကော်မြို့နယ် ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲမှ တောင်သူ ( ၁၉ ) ဦးနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် (၃) ဦးကို တရားစွဲဆိုထားတဲ့အမှုကို ပြီးခဲ့တဲ့ မတ်လအတွင်းက လွိုင်ကော်မြို့နယ်တရားရုံးက ဒဏ်ငွေနဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရုံးသို့ ရောက်ရှိလာကြတဲ့ တောင်သူတွေမြင်တွေ့ရစဉ်။

လွိုင်ကော်မြို့နယ် တရားရုံးကနေ တောင်သူတွေကို ပစ်ဒဏ်ချမှတ်တာ နည်းလို့ဆိုပြီး စစ်တပ်ကမကျေနပ်တဲ့အတွက် ပြည်နယ်တရားလွှတ်တော်ရုံးကို ပြင်ဆင်ချက်တက်ပြီး ပစ်ဒဏ်ထပ်တိုးပေးဖို့ ယနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ပြည်နယ် တရားလွှတ်တော်ရုံးကနေ တောင်သူတွေကို လက်မှတ်လာရောက်ရေးထိုးဖို့ ခေါ်ခဲ့ကြပါတယ်။

တပ်ကသိမ်းဆည်ထားတဲ့ မြေယာပေါ်မှာ ကျူးကျော်တာတွေ ခြံခတ်ဖို့ကျောက်တိုင်တွေကိုဖျက်ဆီးတာတွေ ညစ်ညမ်းစွာဆဲဆိုတာတွေ ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး တပ်ရင်းနှစ်ခုမှ တပ်မတော်အရာရှိတွေက တောင်သူတွေ ၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၇၂၊ နိုင်ငံတော်ပိုင်ပစ္စည်းပျက်စီးစေမှု ပုဒ်မ ၆(၁)၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၄၉ စတဲ့ ပုဒ်မတွေနဲ့ ၂၀၁၉ ခုနှစ် နှစ်ဝက်တုန်းက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁)အမှုအတွက် ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ၂သောင်း ချမှတ်ခဲ့ပြီး၊ ပုဒ်မ ၄၄၇အတွက် ဒဏ်ငွေ၂သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ရက်နဲ့ ကျန်ပုဒ်မ အမှုအတွက် ငွေဒဏ်ကျပ် ၂သောင်း ပေးဆောင်ဖို့ ချမှတ်ခဲ့ပြီး တောင်သူတွေက ဒဏ်ငွေပေးဆောင်ခဲ့ပြီး အမှုပြီးမြောက်သွားခဲ့တာဖြစ်ပါတယ်။

မတ်လအတွင်း မြို့နယ်တရားရုံးကချမှတ်ထားတဲ့အပေါ် မူလရုံးတရားလိုက ကျေနပ်မှုမရှိတာကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှု ဆက်လက်တင်သွင်းခဲ့ပါတယ်။ ခရိုင်းတရားရုံးမှ အမှုအား အကျဉ်းနည်းဖြင့် ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ ၂၂ဦးထဲမှာ တောင်သူအရေးလိုက်ပါဆောင်ရွက်ခဲ့ပြီး တရားစွဲဆိုခံရတဲ့ထဲပါတဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ဘွဲမှူးက ပြင်ဆင်မှုတက်တာ တရားမျှတမှုမရှိဘဲ မတရားဖိနှိပ်တယ်လို့ ဆိုပါတယ်။

“ခုလိုမျိုးထပ်ပြီးမကျေနပ်လို့ အမိန့််ချတာကအားနည်းလို့ မမျှတဘူးဆိုပြီးမှ ထပ်ပြီး ပြင်ဆင်ချက်တပ်ထင်တဲ့အပေါ်မှာက ကျတော်မြင်တယ် တောင်သူတွေကို သက်သက်မဲ့ မတရားဖိနှိပ်ရာကျတာလို့ပဲမြင်တယ်” လို့ ၎င်းကဆိုပါတယ်။

အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ အရာရှိတွေက အဲဒီ အမှုကို ပြင်ဆင်မှုတက်ရောက်တာနဲ့ပတ်သက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးခင်မောင်ဝင်းကို ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်ရာမှာတော့ ၎င်းအနေနဲ့မသိကြောင်း လွိုင်ကော်မှတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီးမေးရန်သာ ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြန်သော်လည်း သက်ဆိုင်ရာ တပ်ရင်းနှင့်သာဆိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ပြင်ဆင်မှုလျှောက်လွှာကို ယနေ့ဇွန်လ ၂၅ရက်နေ့မှာ ပြည်နယ်တရားလွှတ်တော်ရုံးမှာ တောင်သူတွေက လက်မှတ်ရေးထိုးခဲ့ရပြီး နောက်ရုံးချိန်းကိုတော့ ပြည်နယ်တရားလွှတ်တော်ရုံးရဲ့ ဖေ့ဘွတ်ပေ့ချ်မှာ ကြေညာသွားမယ်လို့သိရပါတယ်။

အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲမှ တောင်ယာမြေတွေကို ၁၉၉၀ခုနှစ် ဝန်းကျင်က လာရောက်အခြေချခဲ့စဉ် တပ်စခန်းဆောက်ဖို့ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

သိမ်းယူမြေထဲက ပိုနေတဲ့မြေပေါ်မှာ ဒေသခံတွေ နှစ်စဉ်ထွန်ယက်စိုက်ပျိုးရာမှ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာတော့ တောင်ယာမြေပေါ်မှာ တပ်ကဆက်ပြီးလုပ်ကိုင်ခွင့်မပေးနိုင်တော့ဘူးဆိုပြီး သိမ်းဆည်းထားတဲ့ တောင်ယာမြေပေါ်မှာ အမှတ်အသားမှတ်တိုင်စိုက်ကာ ခြံစည်းရိုးတံတိုင်းပြုလုပ်လာခဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ကြပြီး တပ်မှတောင်သူအရေးလိုက်ပါဆောင်ရွက်သူ သုံးဦး အပါအဝင် တောင်သူ ၁၉ ဦး ကို တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts