ကန္တာရဝတီတိုင်း ( မ် )
“မကြာခင်မှာတော့ စားနပ်ရိက္ခာလိုအပ်မှုကတော့ တောက်လျှောက် လိုအပ်ချက်အမြင့်ဆုံးပြန်ဖြစ်နိုင်တယ်။ လောလောဆယ်မှာတော့ နေရာချထားရေး၊ အမိုးအကာတွေ အလောတကြီးလိုအပ်တယ်။ လူ သုံးပုံတပုံမှာတော့ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကတော့ ရှိနေတာပေါ့နော။”
၂၀၂၅ခုနှစ် ဇွန်လအတွင်း ဖယ်ခုံမြို့နယ်အရှေ့ဖက်ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံအရှေ့ဘက်ခြမ်းကျေးရွာတွေ၊ မိုးဗြဲမြို့ နဲ့ အနီးအနားက ကျေးရွာဒေသခံ တသောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ရဲ့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့ အဖွဲ့ နဲ့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေဟာ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်တာ၊ ပို့ဆောင်တာ၊ နေရာချထားရေးဆောင်ရွက်တာကို လက်ရှိအချိန်ထိ ဆောင်ရွက်နေကြပါတယ်။ လက်ရှိ မိုးရာသီကာလဖြစ်တာကြောင့် အမိုးအကာ လိုအပ်ချက်နဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ အရေးကြီး လိုအပ်နေတယ်လို့ သိရှိရပါတယ်။
ထပ်မံတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေကို နေရာပြန်လည်ချထားရေး ဆောင်ရွက်မှု၊ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေနဲ့ စီမံထားရှိမှုအခြေအနေတွေအပြင်၊ စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်အတွက် ရေရှည်အစီအမံ ဆောင်ရွက်ထားရှိမှုတွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဌာနမှူးကြီး ခွံမာတီးယာကို ကန္တရဝတီတိုင်း ( မ် ) က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဒီနှစ်အတွင်းဆိုရင် အထူးသဖြင့် ဒီ တလ၊ နှစ်လအတွင်း ရှမ်း-ကရင်နီနယ်စပ်မှာ ထပ်မံတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ တိုးများလာတာရှိတယ်၊ လောလောလတ်လတ် ကယ်ဆယ်ရေးဆောင်ရွက်ရတဲ့ အခြေအနေလည်းရှိတယ်၊ ဆိုတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ အရင်ဆုံး ပြောပြပေးပါရှင့်။
ဖြေ ။ ။ ၂၀၂၅ ဇွန်လဆန်းကနေ စပြီးတော့မှ စစ်ကောင်စီက ဖယ်ခုံအရှေ့ဖက်ကမ်းမှာ စပြီးတော့ ထိုးစစ်လုပ်တယ်။ တပြိုင်နက်တည်းမှာပဲ မိုးဗြဲကို ထိုးစစ် အရှိန်အဟုန်လုပ်တာပေါ့။ အင်အားထောင်ဂဏန်းနဲ့ ထိုးစစ်လုပ်တာပေါ့။ အဲ့ဒီ ဖြစ်တဲ့နေ့ကနေ စပြီးတော့မှ ဖယ်ခုံအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ အုပ်စု (၈) အုပ်စုထဲမှာရှိတဲ့ လူထုတွေကို ရွေ့ပြောင်းရေးတွေ စပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းတွေ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့မှ ရွေ့ပြောင်းနေရာချထားရေးကို ကနဦးစလုပ်တာပေါ့နော။ ဆိုတော့ အဲ့ဒီဟာလုပ်လာတဲ့ဟာက ဇွန်လဆန်းမှစလုပ်တယ် ဇူလိုင်လဝက်ထိပေါ့၊ အဲ့ဒီဟာကို လုပ်နေရင်း တပြိုင်တည်းမှာပဲ လွိုင်ကော်မှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းက နန်းမယ်ခုံမြို့နယ်ထဲမှာရှိတဲ့ ဘုရားနီကို ဆက်ပြီးတော့မှ စစ်ကြောင်းထိုးတဲ့ဟာမျိုး ဖြစ်လာတယ်။ ဒီးမော့ဆိုလို့ သိထားတဲ့ နန်းမယ်ခုံမြို့နယ်မှာရှိတဲ့ ကျေးရွာ ၅ ရွာမှာရှိတဲ့ လူထုတွေကို ထပ်ပြီးတော့မှ ရွေ့ပြောင်းရတာကို ဆက်လုပ်ရတယ်။ ဒီဟာကိုလုပ်တာက တလကျော်ကျော် နှစ်လနီးပါး ရှိပြီပေါ့။ အခုဆိုရင် ရွေ့ပြောင်းရေးနေရာမှာ ရောက်ရှိသွားတဲ့ လူဦးရေက တသောင်းတထောင်ကျော်လောက် ရှိမယ်။ ရွေ့ပြောင်းရေးလုပ်နေတဲ့တပြိုင်နက်တည်းမှာပဲ လိုအပ်တဲ့ နေရာချထားရေးကိစ္စတွေ၊ လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတချို့ကိုတော့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရောက်ရှိနေတဲ့ လူထုတွေကို တိုက်ရိုက်ကူညီဆောင်ရွက်တာရှိသလို ဌာနကနေမှ တိုက်ရိုက် ဒီဟာအတွက် စီမံချက်တွေချမှတ်ပြီးတော့မှ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကူညီဆောင်ရွက်ပေးတာ အခုလက်ရှိကတော့ တတ်နိုင်တဲ့ဖက်ကနေ စီစဉ်ဆောင်ရွက်တဲ့ဟာပေါ့နော။ ကနဦး စစ်ရှောင်အခြေအနေတွေနဲ့ ဆောင်ရွက်မှုအခြေအနေပေါ့နော။

မေး ။ ။ စစ်ဘေးရှောင်တွေကို နေရာချထားရေးဆောင်ရွက်တဲ့အခါမှာတော့ ဘယ်လိုပုံစံနဲ့ဆောင်ရွက်တာရှိလဲ။ လက်ရှိအခြေအနေကတော့ စစ်ဘေးရှောင်တွေက ပြန့်ကျဲနေသေးတဲ့ အနေအထားလည်းတွေ့နေရတယ်ပေါ့နော။ ဆိုတော့ နယ်မြေဒေသအလိုက်မှာ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို ပြောပြပေးပါရှင့်။
ဖြေ ။ ။ နေရာချထားရေးနဲ့ပတ်သက်ရင်တော့ ကျနော်တို့ကတော့ ရှိနှင့်နေပြီးသား အုပ်ချုပ်ရေးယန္တရားတွေနဲ့ အဓိက ပေါင်းစပ်ပြီးတော့မှ စီစဉ်ဆောင်ရွက်တဲ့အရာပေါ့လေ။ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလို့ပြောရင်တော့ ကျနော်တို့ရဲ့ ဌာနဆိုင်ရာတခုတည်းနဲ့ စီစဉ်ဆောင်ရွက်လို့မရဘူး။ ကျနော်တို့ဌာနအပါအဝင် IEC မှာစုဖွဲ့ထားတဲ့ဌာနတွေနဲ့ ရှိနှင့်နေပြီးသား အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပေါင်းစပ်ပြီးတော့မှ နေရာချထားရေးတွေ စီစဉ်ဆောင်ရွက်ရတာဖြစ်တယ်။ ဒီစီစဉ်ဆောင်ရွက်မှုကို အစီအမံနဲ့တကွ စနစ်တကျနဲ့ဆောင်ရွက်တာပေါ့။ ဆိုလိုတာက မြို့နယ်ဒေသအသီးသီးတွေမှာ အုပ်ချုပ်ရေးတွေက သူတို့ဆီမှာ လက်ရှိ ရောက်ရှိနေပြီးသား စစ်ရှောင်တွေနဲ့ အချက်အလက်တွေက ဘယ်လောက်ရှိလဲ၊ ယာယီချထားတဲ့နေရာကနေ တဆင့် ပြန်ပြီးတော့မှ နေရာချထားပေးနိုင်ဖို့ အိမ်ခြေ နဲ့လူဦးရေ က ဘယ်လောက်ရှိသလဲဆိုတာက အဓိက အခြေခံအချက်အလက်ဖြစ်တယ်။ ဒီ အခြေခံအချက်အလက်တွေက ခုနကပြောတဲ့ မြို့နယ်အုပ်ချုပ်ရေးကနေ စီမံရတဲ့ဟာဖြစ်တယ်။ အဲ့ဒီအချက်အလက်တွေကို အတူတကွ စုကြတယ် ရလာတဲ့အချက်အလက်အပေါ် အခြေခံပြီးတော့ မြို့နယ်အလိုက် နေရာချထားရေးကို ဆက်လက်ဆောင်ရွက်ရတာပေါ့။
ဆိုတော့ နေရာချထားရေးက အဲ့ဒီမြို့နယ်ဒေသမှာရှိတဲ့ စီမံခန့်ခွဲရေးပေါ့နော လူထုခေါင်းဆောင်၊ အုပ်ချုပ်ရေး နဲ့ စစ်ရှောင်ကော်မတီတွေ၊ စစ်ရှောင်ကိုယ်တိုင်ပါဝင်တဲ့ နေရာချထားရေး အဆောက်အဦးတွေကို ဆက်လက်စီမံဆောင်ရွက်တဲ့ဟာ လုပ်ရတာပေါ့။အဲ့ဒါက မြို့နယ်ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးတွေရဲ့ စီမံကြီးကြပ်မှုဖြစ်ပါမယ်။ လိုအပ်တဲ့ နည်းပညာ နဲ့ အကူအညီတွေတော့ အဓိက IEC ရဲ့ လိုအပ်တဲ့ အစီအမံအတွက် လိုအပ်တဲ့ ရန်ပုံငွေကို လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာနကနေ တောင်းခံပြီးတော့မှ စောနက နေရာချထားရေးမှာ တာဝန်ယူကြီးကြပ်ပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးအတွက် အကူအညီတွေကို တဆင့် ပြန်ပြီးတော့ကူညီဆောင်ရွက်ပေးတဲ့ဟာပေါ့နော။
ဒါကတော့ လက်ရှိ ကျနော်တို့ ဆောင်ရွက်နေကျဖြစ်တယ်၊ ပုံမှန် သွားနေကြတဲ့ လုပ်ငန်းစဉ်လည်းဖြစ်တယ်။ ဒါကတော့ ရှိနှင့်နေပြီးသား လူထုကနေ စီမံခန့်ခွဲဆောင်ရွက်လို့ရတဲ့ဟာတွေပေါ်မှာ လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ဌာနဆိုင်ရာချိတ်ဆက် ကူညီဆောင်ရွက်မှုအတွက် ပုံမှန်ဆောင်ရွက်တဲ့နေရာတွေဖြစ်တယ်။
မေး ။ ။ စစ်ရှောင်လူဦးရေ ထပ်မံတိုးလာတဲ့အပေါ်မှာ မြေပြင်မှာဆိုရင်လည်း လိုအပ်ချက်၊ အခက်အခဲတွေလည်း ရှိနေကြတယ်။ အရေးပေါ် အခြေအနေတွေအတွက် ဆရာတို့ လူ၊ စာ ၊ ပြန် ဌာနကနေ အဆင်သင့် ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားရှိသလားပေါ့နော။ ဒါမှမဟုတ် IEC ရဲ့ ဦးစီးကောင်စီရုံးမှာ ထပ်မံ တင်ပြတောင်းခံရတာမျိုးလားပေါ့နော။ လုပ်ငန်းစဉ်က ဘယ်လိုအခြေအနေတွေ ရှိသလဲရှင့်။
ဖြေ ။ ။ အရေးပေါ်နဲ့ပတ်သက်လို့ စီမံခန့်ခွဲတဲ့နေရာမှာ နံပါတ်တစ်က ကျနော်တို့ မြေပြင်မှာရှိတဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်တဲ့ လူမှုအသင်းအဖွဲ့ရဲ့ အခြေအနေကို ပုံမှန် ဆန်းစစ်အကဲခတ်တာလုပ်တာ။ ဆိုလိုတာက မြေပြင်မှာဝန်ဆောင်မှုပေးနေတဲ့ မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းမဆိုပေါ့နော၊ လက်ရှိ ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ဘယ်လောက်ထိ ပံ့ပိုး မှုပေးနိုင်သလဲ၊ ပံ့ပိုးမှုပေးနိုင်တဲ့ကဏ္ဍက ဘာလဲဆိုတာကို ကျနော်တို့က အရင်ဆုံးကြည့်တာပေါ့နော။ ပြီးတော့မှ ဌာနမှာကတော့ ပုံမှန်ဆို အရေးပေါ် ရန်ပုံငွေ စီမံခန့်ခွဲရေးကို အမြဲတမ်း စီမံရတယ်။ အဲ့ဒါကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် စီစဉ်ပေးပြီးတော့မှဆောင်ရွက်တယ်။ နိုင်ငံတကာက အကူအညီတွေ၊ တသီးပုဂ္ဂလက အကူအညီတွေ တဆင့်ချိတ်ဆက်ပြီးတော့မှ ရလာတဲ့အကူအညီကို ပုံမှန် အရေးပေါ် ရန်ပုံငွေစီမံခန့်ခွဲရေးကို ဌာနအနေနဲ့ အမြဲတမ်း ဘတ်ဂျက်အနေနဲ့၊ ရန်ပုံငွေအနေနဲ့ စီမံထားရှိရတယ်။ ဒါက ဌာနမှာရှိတဲ့ဟာပေါ့နော။
ကျနော်တို့ဌာနကနေ စီမံဆောက်ရွက်ထားရှိတဲ့ ရန်ပုံငွေထက် ကျော်လွန်ပြီးတော့မှ ရန်ပုံငွေအခက်အခဲရှိလာတယ်ဆိုရင်၊ ဒါကတော့ IEC တစုံလုံး ကိုပြန်ပြီးတော့မှ လိုအပ်တဲ့အစီအမံအတွက် ရန်ပုံငွေကို ထပ်တောင်းခံတဲ့ဟာမျိုးပေါ့နော။ ဒါကတော့ ဦးစီးကောင်စီပေါ့နော။ မြေပြင်မှာ အကောင်ထည်ဖော်ရတဲ့ လုပ်ငန်းစဉ်အလျောက် ထပ်ဆောင်းရမယ့် ရန်ပုံငွေအတွက် တောင်းခံတယ်။ ဦးစီးကောင်စီကနေတဆင့် ဒီအခြေအနေပေါ်မှာ ရှိတဲ့ရန်ပုံငွေနဲ့ ချက်ချင်း စီမံချပေးတဲ့ဟာမျိုးက ပုံမှန်စီမံထားရှိတာ ရှိတယ်။ ဆိုတော့ အဲ့လိုပုံစံမျိုးနဲ့ အရေးပေါ် စီမံခန့်ခွဲရေးကို ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ဟာရှိတယ်။ အဲ့လိုပဲ မြို့နယ်အုပ်ချုပ်ရေးတွေမှာလည်း အရေးပေါ် တခုခုဖြစ်လာတယ်ဆိုလို့ရှိရင် သူတို့ စီမံဆောင်ရွက်လို့ရမယ့် အစီအမံတွေ ရန်ပုံငွေတွေ တချို့သော ထောက်ပံ့ပစ္စည်းတွေ စီစဉ်ဆောင်ရွက်ထားတာရှိတယ်။ အဲ့ဒီဟာကနေလည်း ဖြေရှင်းတဲ့ပုံစံမျိုးပေါ့နော။
ကျနော်တို့က ဒီအစီအမံတွေက အဆင့်ဆင့် တောင်းခံမှ တင်ပြပါ ဆိုတဲ့ဟာမျိုး မဟုတ်ဘူးပေါ့လေ။ အရေးပေါ် စီမံခန့်ခွဲရေး ရန်ပုံငွေ အစီအမံတွေ မဖြစ်မနေ ချရတယ်။ အုပ်ချုပ်ရေးအဆင့်တွေမှာ ရပ်ရွာအဆင့်တွေမှာ ချရတယ် ဌာနဆိုင်ရာတွေမှာလည်း ချရတယ်။ ဖြစ်လာပြီဆိုတာနဲ့ ပူးပေါင်းချိတ်ဆက်ပြီးတော့မှ အကောင်အထည်ဖော်ကြတယ်။ လိုအပ်ချက် ဒီထက်မြင့်မား ကျော်လွန်သွားပြီဆိုရင်တော့ IEC တစုံလုံးနဲ့ ရသုံးမှန်းခြေ နဲ့ ဘတ်ဂျက် ပြန်တောင်းတဲ့ဟာမျိုးပေါ့နော။ အဲ့လိုပုံစံနဲ့ စီမံခန့်ခွဲမှုတွေ လုပ်နေတာပေါ့နော။

မေး ။ ။ လတ်တလောအခြေအနေအရ ထပ်မံတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် အလိုအပ်ဆုံးအရာက ဘာဖြစ်မလဲရှင့်။
ဖြေ ။ ။ နံပါတ်တစ်က နေရာချထားရေးပေါ့။ မိုးတွင်းကာလ ဖြစ်တဲ့အတွက်ကြောင့် မည်သူတဦးကမှ ကိုယ့်အိမ်ကိုဖြုတ်မသွားနိုင်ဘူး ဖြုတ်ဖို့လည်း အချိန်မရဘူးလေနော။ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူထုတချို့ကတော့ ကိုယ်တိုင်လုပ်ဆောင်လို့ရပေမယ့်လည်း ဒီလိုမျိုး အစီအမံနဲ့ စနစ်တကျရွေ့ပြောင်းခြင်းမရှိတဲ့ လူထုကအများစုဖြစ်နေတာပေါ့။ နေရာချထားရေးကို ဆောင်ရွက်နိုင်ဖို့ကလည်း စောနကပြောတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ဒုတိယတချက်ကတော့ အခြေခံအစားအသောက်တချို့ပေါ့နော။ အခု စစ်ရှောင်တချို့ကတော့ လတ်တလော တပတ်၊ နှစ်ပတ်အတွင်းကတော့ အစားအသောက်ကတော့ အရမ်းကြီးပူရတဲ့ အနေအထားတော့မရှိဘူး အများစုပေါ့နော။ အနည်းစုကတော့ လိုအပ်ချက်ရှိတယ်။ ဘာလို့လဲဆိုရင် တချို့က ပိတ်မိတဲ့လူထုဆိုရင် ခြေလျင်နဲ့သွားရတာမျိုးရှိတော့ ဘားမှမပါလာဘူး။ အခြေခံလိုအပ်ချက်တွေတော့ ရှိတယ်။ အဲ့ဒါက ရှိနှင့်နေပြီးသား ကျနော်တို့ရဲ့ လူစာပြန်ဌာနရဲ့ပုံမှန် ရန်ပုံငွေတွေနဲ့ အစီအမံတွေနဲ့ ကူညီဖြေရှင်းပေးတာရှိသလို၊ မြေပြင်မှာလည်း နီးစပ်ရာ အုပ်ချုပ်ရေးက စီမံဆောင်ရွက်ထားတဲ့ အရေးပေါ် ထောက်ပံ့မှုဆောင်ရွက်တာရှိတယ်။ လူမှုအသင်းအဖွဲ့တွေလည်း တိုက်ရိုက် ကူညီဆောင်ရွက်ဖြေရှင်းပေးနေတဲ့ဟာလည်း မြေပြင်မှာ ဆောင်ရွက်ပေးတာတော့ရှိတာပေါ့နော။ မကြာခင်မှာတော့ စားနပ်ရိက္ခာလိုအပ်မှုကတော့ တောက်လျှောက် လိုအပ်ချက်အမြင့်ဆုံးပြန်ဖြစ်နိုင်တယ်။ လောလောဆယ်မှာတော့ နေရာချထားရေး၊ အမိုးအကာတွေ အလောတကြီးလိုအပ်တယ်။ လူသုံးပုံတပုံမှာတော့ အခြေခံ စားနပ်ရိက္ခာလိုအပ်ချက်ကတော့ ရှိနေတာပေါ့နော။
မေး ။ ။ ဆန်စပါး အများဆုံးစိုက်ပျိုး ထွက်ရှိတဲ့ ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံအရှေ့ဘက်ခြမ်း၊ မိုးဗြဲ နဲ့ အနီးအနားတောက်လျှောက်က လူထုတွေက တိမ်းရှောင်နေရတော့ ရေရှည်မှာကလည်း ဆန်စပါး အထွက်နှုန်းမရှိတော့တဲ့အခါမှာ စားနပ်ရိက္ခာလိုအပ်ချက်က ပိုလိုအပ်လာနိုင်တယ်ပေါ့နော။ ဆရာပြောသလို လတ်တလောကတော့ ဖြေရှင်းနိုင်သေးတယ်ဆိုပေမယ့် ရေရှည်မှာ စားနပ်ရိက္ခာလိုအပ်မှုက မြင့်မားလာနိုင်တဲ့ အနေအထားမှာ ဆရာတို့ အနေနဲ့ ဘယ်လို ပြင်ဆင်ဆောင်ရွက်ထားတာရှိလဲ။
ဖြေ ။ ။ စားနပ်ရိက္ခာကတော့ ပြည်နယ်ထဲမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ကျနော်တို့ သေချာစီမံရင်တော့ အရင်းအမြစ်ကတော့ ရှိနေနိုင်သေးတယ်။ ဒါပေမဲ့ ရှိနေတဲ့ အရင်းအမြစ်ကို လူထုတွေက ကိုယ်တိုင်ဝယ်စားရမှာဖြစ်တယ်ပေါ့နော။ လူထုက ဝယ်စားနိုင်ဖို့ကအခက်အခဲဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုရင် နဂိုရှိနှင့်နေပြီးသား လူထုတွေက တော်တော်များများ ပြန်လည်စိုက်ပျိုးနိုင်မှုက အနည်းအကျဉ်းပဲရှိတယ်၊ ရာခိုင်နှုန်းနည်းတယ်။ လက်နက်ကြီးအန္တရာယ်၊ မြေမြှုပ်မိုင်းအန္တရာယ် ကြောင့် ပြန်လည်စိုက်ပျိုးနိုင်တဲ့မြေက ကျဉ်းကျဉ်းလေးပဲ ရှိတာပေါ့နော။ မြေကျဉ်းလေးပေါ်မှာပဲ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ပြည်သူတွေအတွက် အထူးသဖြင့် ၂၀၂၁ကတည်းက ရွှေ့တဲ့ပြည်သူဆိုရင် အခုဆိုရင် သူတို့ဝယ်စားနေရတယ်။
နိုင်ငံတကာရဲ့အကူညီကလည်း တော်တော်များများလျော့ကျသွားပြီ၊ နယ်စပ်မှာလည်း မရှိတော့ဘူး။ နယ်စပ်မှာဆိုရင်လည်း နိုင်ငံတကာရဲ့အကူညီလည်းမရတော့ဘူး၊ နယ်စပ်က စစ်ရှောင်တွေကလည်း ဒီပြည်နယ်အဝန်းအဝိုင်းမှာပဲ နေထိုင်ပြီး ပြန်လည်လုပ်ကိုင်စားသောက်ရမယ့် အခြေအနေတွေလည်း ရှိတယ်။ ဆိုတော့ အဲ့ဒီဟာက စစ်ရှောင်လူထုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်။ အခု ထပ်ပြီးရောက်လာတဲ့ စစ်ရှောင်တွေက ပွင့်ပွင့်လင်းလင်းပြောရင် သူတို့ရဲ့စားနပ်ရိက္ခာတွေကို ဒီဘက်ကို မသယ်နိုင်ဘူး။ စစ်ရေးမျက်နှာပြင်အရ ပြန်ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ပြည်နယ်က စစ်တပ်ရဲ့ဝန်းရံမှုကို ခံနေရတဲ့အတွက် စိုက်ပျိုးနိုင်တဲ့ မြေဧရိယာက အရမ်းကျဉ်းသွားတဲ့အတွက် ထပ်ပြီးတိမ်းရှောင်ရတဲ့ လူထုတွေက ဆက်လက်ပြီး စိုက်ပျိုးနိုင်ဖို့အတွက်က အခွင့်က တော်တော်နည်းသွားပြီ။ နောက်ထပ် လုပ်ကိုင်စားသောက်ဖို့ မြေနေရာ ထပ်ရဖို့က ပိုပြီးတော့စိန်ခေါ်မှုဖြစ်တဲ့အတွက်ကြောင့် လူထုကိုယ်တိုင်ဝယ်စားဖို့ကတော့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တယ်။ အဲ့တော့ သူတို့က ဆက်ပြီး ဝယ်စားနိုင်ဖို့ ရန်ပုံငွေမရှိတာကြောင့် အကူအညီက လိုအပ်နေဆဲဖြစ်တယ်။ အနည်းဆုံး လေး၊ ငါး၊ ခြောက်လ၊ တနှစ် ဆက်ကူညီပေးနိုင်မှပဲ ခြောက်လ၊ တနှစ်ပြီးသွားတဲ့အခါ နီးစပ်ရာ ဆွေမျိုးမိသားစုလား၊ သူတို့ရဲ့အသိမိတ်ဆွေလား၊ တခြားနေရာဒေသမှာ ရွေ့ပြောင်းပြီးတော့ဖြစ်ဖြစ် စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်မှ ဒါက အခက်အခဲတခုအနေနဲ့ လျော့ကျမှာပေါ့နော။
ဒါပေမဲ့ အဲ့ဒီအခြေအနေရောက်ဖို့က လေး၊ ငါး၊ ခြောက်လ၊ တနှစ် ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခု ရောက်ရှိလာတဲ့သူတွေကော၊ နဂိုရှိနေပြီးသားသူတွေကော ကျနော်တို့က ဆက်ပံ့ပိုးရမှာဖြစ်တယ်။ တောက်လျှောက်အကူညီပေးမှပဲ စားရမယ့်အနေအထားက ခပ်များများ ဖြစ်သွားတာပေါ့နော။ ဆိုတော့ အဲ့ဒီဟာအတွက်က တိကျတဲ့ ရန်ပုံငွေတွေ ရှိလားလို့ မေးရင်တော့ မရှိသေးဘူး။ အကယ်၍ လူထုတွေငတ်ပြတ်လို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတော့ဖြစ်တာပေါ့နော။ ကျနော်တို့ကတော့ စောနကပြောသလို နဂိုစီမံထားသလို အောက်မှာမှမဖြစ်လာဘူးဆိုရင် ချေးငှားပြီးတော့မှ ကူညီရတဲ့အခြေနေမျိုး ဖြစ်ရင်လည်း လိုအပ်ရင်လည်း ညှိနှိုင်းဖြေရှင်းရှာကြံရတဲ့ဟာမျိုးကလည်း သွားရမယ့်အခြေနေလည်း ဖြစ်သွားနိုင်တာပေါ့နော။ နောက်ဆက်တွဲ စစ်ရှောင်လူထုရဲ့ အခြေအနေနဲ့ သူတို့ရဲ့ စားနပ်ရိက္ခာလိုအပ်မှုက ကြီးမားနေအုံးမှာပဲ။
ပိုပြီးကြီးမားမယ် ဒီနှစ်က။ ဘာဖြစ်လို့လဲဆိုရင် စိုက်ပျိုးရေးကလည်း မိုးကြီးတော့ မနေ့တနေ့ကမှစိုက်ထားတာလည်း ရေမြှုပ်ကုန်ပြီ။ စစ်ကလည်း ထပ်ရှောင်ရပြီ။ ထိုးစစ်ကလည်း ပိုပိုပြီး ထိုးလာတယ်။ ဆိုတော့ ဒီစိန်ခေါ်မှုကတော့ ကြီးနေအုံးမယ်။
မေး ။ ။ စစ်ဘေးရှောင်ကာလကြာမြင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်မြင့်မားနေဆဲဖြစ်တယ်။ ဒီနှစ်အတွင်းမှာလည်း အမေရိကန်သမ္မတအပြောင်းအလဲဖြစ်ပြီးတဲ့နောက် နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေက အများစု ရပ်ဆိုင်းခံရတာလည်းရှိတယ်။ ဒီအကျိုးသက်ရောက်မှုကို လူထုတွေကလည်း ကြုံတွေ့ခဲ့ရတာပေါ့နော။ လက်ရှိအကျပ်အတည်းကာလမှာလည်း လိုအပ်ချက်တွေကလည်း စိန်ခေါ်ချက်ဖြစ်နေတဲ့အပေါ်မှာ ဆရာတို့အနေနဲ့ကလည်း ဘာတွေပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်နေသလဲပေါ့နော။
ဖြေ ။ ။ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ ပြီးတော့မှ နိုင်ငံတကာရဲ့အကူအညီ စိန်ခေါ်တွေရဲ့နောက်ဆက်တွဲမှာ လူထုတွေ ကြုံလာနိုင်မယ့် အကျပ်အတည်းလို့ပြောရင်တော့ သေချာတာကတော့ သူတို့ကတော့ ချေးငှားစားနေရပြီ။ တချို့ကတော့ ချေးငှားဖို့နေရာမရှိဘူးဆိုတာမျိုးလည်း ကြုံနေရပြီပေါ့နော။ ဆိုတော့ ဂယက်ကတော့ ပိုကြီးလာပဲရှိမယ်။
ဒီအရာတွေကို စီမံဆောင်ရွက်နိုင်ဖို့လို့ ပြောရင်တော့ ကျနော်တို့က အခြေအနေကိုတော့ ပေါင်းစပ်ကြတယ်။ ညှိနှိုင်းကြတယ်။ မြေပြင်မှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် တွေ့ ကြပြောကြဆိုတဲ့ဟာမျိုးပေါ့။ ဒီအပေါ်မှာ သီးခြားရန်ပုံငွေအနေနဲ့ တချို့နိုင်ငံတကာနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားတဲ့ဟာလည်းရှိတာပေါ့နော။ ဒါပေမဲ့ အဲ့ဒီရန်ပုံငွေက ယတိပြတ် ဘယ်အချိန်မှာရပ်မလဲ၊ ဘယ်တော့လောက်ဖြစ်မလဲ၊ ဘယ်လောက်ပမာဏရမလဲဆိုတာက ယတိပြတ်ပြောရခက်တဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့။ စီမံထားတယ်၊ ဆောင်ရွက်ထားတယ်ဆိုတဲ့ဟာက တနေရာမဟုတ် တနေရာတော့ အကူအညီရမှာပဲပေါ့နော။ လုံးဝ လျစ်လျူရှုမှာတော့မဟုတ်ဘူးပေါ့နော။ ဒါပေမဲ့ ပမာဏက အနည်းအများဖြစ်မယ်၊ အချိန်ကာလက ဘယ်တော့လဲဆိုတဲ့ဟာကတော့ စိန်ခေါ်မှုတခုအနေနဲ့တော့ရှိတယ်ပေါ့နော။
တဖက်မှာကလည်း IEC အနေနဲ့ကတော့ ရလာတဲ့အခွန်အခတွေကို စစ်ရှောင်လူထုတွေရဲ့ စားနပ်ရိက္ခာကတော့ နံပါတ်တစ် ဦးစားပေးပဲ။ ကျန်တဲ့ အုပ်ချုပ်ရေးကိစ္စတို့ တချို့ ရေရှည်ပြန်လည်ထူထောင်ရေးပဲဖြစ်ဖြစ် ကဏ္ဍကတော့ ဦးစားပေး နံပါတ်နှစ်မှာ ထားတယ်။ အဲ့တော့ လတ်တလော မဖြစ်မနေ ရသုံးမှာဆိုရင်တော့ လူသားချင်းစာနာထောက်ထားရေးအကူအညီကတော့ ရန်ပုံငွေကတော့ ဦးစားပေး တစ်အနေနဲ့ပဲထားတယ်။ ကျန်တဲ့ကဏ္ဍကတော့ ဒုတိယဦးစားပေးပဲပေါ့။ ဒီလို အစီအမံကတော့ ရှိနေတယ်။ စီမံနေတယ်။ ရန်ပုံငွေက တနေ့ထက် တနေ့ မတိုးလာနိုင်တာကတော့ အခက်အခဲတခုပေါ့နော။ အဲ့ဒီဟာက ကျနော်တို့အတွက် ကျော်လွှားလို့မရတဲ့ အခြေနေလည်းရှိတယ်ပေါ့နော။ တချို့အချိန်မှာလည်း မျှော်လင့်မထားတဲ့ အခွင့်အခါကောင်းတွေလည်း ရောက်ရှိလာတာလည်းရှိတယ်။
မေး ။ ။ ရှိနှင့်ပြီးသား စစ်ဘေးရှောင်လူထုတွေလည်း ဆန်ရိက္ခာလိုအပ်ချက်ကို ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလည်း ကြားသိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့ တင်ပြတောင်းခံမှုတွေကို ဆရာတို့အနေနဲ့ ဖြေရှင်းဆောင်ရွက်မှုကော ဘယ်လိုရှိလဲ။
ဖြေ ။ ။ လူသားချင်းစာနာထောက်ထားရေးလို့ ပြောလို့ ကျနော်တို့က လူသားချင်းစာနာထောက်ထားရေးဌာနတခုတည်းနဲ့ ဒီဟာကို စီမံခန့်ခွဲရတာမျိုးတော့ မဟုတ်ဘူးပေါ့လေနော။ ကဏ္ဍအလိုက်၊ ဌာနအလိုက် စီမံဆောင်ရွက်ရတာရှိတယ်။ လူထုတွေရဲ့ စီမံ တောင့်ခံနိုင်ရေးဆိုရင်တော့ စိုက်ပျိုး၊ မွေးမြူဌာနဆိုရင်တော့ လူထုတွေက သူတို့ရှိတဲ့ မြေယာတွေမှာစိုက်ပျိုးနိုင်တယ်ဆိုရင် လိုအပ်တဲ့ မျိုးစေ့မျိုးဆန်တွေ စီမံဆောင်ရွက်ပေးတာမျိုးတွေပေါ့နော။ သူ့ကဏ္ဍအလိုက် ဖြည့်တွေးပေးတာတွေကို ဒီလိုအစီအမံတွေကတော့ ချိတ်ဆက်မှုရှိတာပေါ့နော။
ကျန်းမာရေးဆိုရင်လည်း ကျန်းမာရေးအလျောက်ပေါ့။ ပြန်လည်ထူထောင်ရေးကိစ္စဆိုရင်လည်း ကျန်းမာရေးဌာနက လုပ်သင့်လုပ်ထိုက်တဲ့ ကုသရေးတွေလုပ်ရသလို၊ ပြန်လည်ထူထောင်ရေးကလည်း သူ့နည်းသူ့ဟန်နဲ့လုပ်တာရှိတာပေါ့။ ဒီအခက်အခဲတွေကို ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် IEC မှာ ဌာနတွေကလည်း ဒီဟာအတွက် တာဝန်ရှိတယ်။ ရတဲ့ ရသုံးကနေ စီမံပေး ချိတ်ဆက်ကူညီပေးတာတွေ၊ ပံ့ပိုးပေးတာတွေ၊ ဆောင်ရွက်ပေးတာတွေ ပြီးတော့ တခြားသော ဖြစ်နိုင်ချေရှိတဲ့ ကဏ္ဍအလိုက် ရန်ပုံငွေတွေ၊ အကူအညီတွေရှာဖွေပြီး ဖြည့်တင်းပေးတာမျိုးတွေ၊ ဌာနအချင်းအချင်းကြားမှာ ရန်ပုံငွေတွေမျှဝေသုံးစွဲတာတွေက ကျနော်တို့ နည်းနဲ့ ကျနော်တို့တွေက လူထုရဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ၊ ဝန်ဆောာင်မှုတွေကို ဒီလိုပုံစံမျိုးနဲ့ ဖြေရှင်းနေကြတာပေါ့နော။
ဆိုတော့ လုံလောက်လားဆိုရင်တော့ ဘယ်တော့အခါမှ မလုံလောက်ဘူးပေါ့နော။ ဒါပေမဲ့ လူထုက စောနကပြောတဲ့ လူထုတွေလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်တာ၊ ရှိတဲ့ဌာနဆိုင်ရာတွေက တတ်နိုင်သမျှ ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ဟာမျိုးတွေ၊ ပုံစံအမျိုးမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီတွေကို ပေးကြတာပေါ့နော။ ဒီဟာကို ကျနော်တို့ဌာနတခုတည်းကပဲ ဆောင်ရွက်နေတာမဟုတ်ဘူး။ ပြီးရင် IEC လို့ပဲ မမြင်စေချင်ဘူး။ နဂိုမြေပြင်မှာရှိပြီးသား လူထုတွေရဲ့ အစီအမံမှာ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်ရိုက်ပစ္စည်းပစ္စယတွေကို ထောက်ပံ့ကူညီတာမဟုတ်ဘဲနဲ့ သွယ်ဝိုက်သောနည်းဖြင့် ရန်ပုံငွေတွေနဲ့ ဖြည့်တင်းဆောင်ရွက်ပေးနေတဲ့ မြေပြင်ကအစီအမံတွေကလည်း ပုံမှန် ဆက်သွားနေတဲ့ ဒေသတွေမှာ အလုပ်ဖြစ်တာလည်းရှိတယ်ပေါ့နော။ အဲ့ဒီဟာကလည်း လူသားချင်းစာနာထောက်ထားမှု တစုံလုံးကို အဆင့်လိုက် လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကဏ္ဍအလိုက်၊ သူ့ဧရိယာအလိုက် ပူးပေါင်းအကောင်အထည်ဖော်တဲ့ဟာနဲ့ ဒီနည်းကိုပဲ သွားကြတာပေါ့။ တခြား အရမ်းကြီး ထူးခြားတဲ့ အစီအမံဆိုတာမျိုးက ထပ်မံဆောင်ရွက်နိုင်ဖို့ဆိုတာလည်း အစောပိုင်းကပြောတဲ့ဟာတွေထက် ကျော်လွန်ပြီးလုပ်ဖို့ ဆိုရင်တော့ ရန်ပုံငွေအများကြီးတွေက ကျနော်တို့ဆီမှာ ရှိဖို့လိုအပ်တာပေါ့။ကျနော်တို့ပြည်နယ်မှာ ကရင်နီပြည်ရန်ပုံငွေဆိုတာကလည်း အစီအမံတွေလုပ်ပြီးတော့မှ ကရင်နီဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ မှာ နိုင်ငံတကာကလာပြီးတော့မှ ဖြည့်တင်းပြီးတော့မှ အဲ့ဒီအကူညီတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေကော အရပ်ဖက်အဖွဲ့အစည်းတွေလည်း ထပ်မံဒီဟာကို ရယူပြီးတော့မှ လူထုတွေဝန်ဆောင်မှုကို ဖြည့်တင်းတဲ့ဟာမျိုးတွေလည်း ကျနော်တို့ပြည်နယ်မှာ ယန္တရားတွေလည်း ရှိနေတာပေါ့နော။ အဲ့လိုနဲ့ လူသားချင်းစာနာထောက်ထားရေးကို အကောင်အထည်ဖော် နေကြတယ်။ ဒါက IEC ပဲဆိုတာက ဘယ် မန်းဒိတ်(mandate) မှ၊ ဘယ်သူကမှ လာပြီး Complain တက်ပြီးတော့မှ IEC မှ မလုပ်ရင် ကျနော်တို့ပဲ လုပ်ရမယ်ဆိုတဲ့ဟာက မရှိဘူးပေါ့နော။
ဖြစ်နိုင်ချေရှိတဲ့ ယန္တရားတွေကို ထူထောင်တယ်။ ဖြစ်နိုင်ချေရှိတဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီးတော့မှ ဖော်ဆောင်နေတယ်ပေါ့နော။ ဖော်ဆောင်နေတဲ့ဟာတွေကတော့ သေချာတယ် မြေပြင်မှာ စိန်ခေါ်မှု၊ အခက်အခဲတွေရှိတယ်။ စိန်ခေါ်မှုဘယ်လောက်ရှိရှိ ကျနော်တို့လုပ်ဆောင်မှုကတော့ အစီအမံနဲ့ ဗျူဟာတွေနဲ့ သေသေချာချာ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ သွားတာမျိုးဖြစ်တယ်ပေါ့။
မေး ။ ။ ကရင်နီပြည်ရဲ့ စစ်ရှောင်လူဦးရေကကော လက်ရှိမှာ ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ ။ ။ စစ်ရှောင်ဦးရေကတော့ တည်ငြိမ်တဲ့ ကိန်းဂဏန်းတခုအနေနဲ့ အခက်အခဲရှိတယ်။ ဒါပေမဲ့ ကျနော်တို့က တိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင် ထပ်တိုးလူဦးရေရှိလာတယ်။ အဲ့ဒီဟာလ ခြောက်လ ၊ တနှစ် နောက်ပိုင်း ခြောက်လ၊ တနှစ်ဆိုရင် ပြန်ပြောင်းပြီ။ စစ်ရှောင်အချက်အလက်တွေက မတည်ငြိမ်မှုတွေရှိတယ်။ တော်လှန်ရေး၊ အုပ်ချုပ်ရေး ယန္တရားအောက်က လူထုတွေရဲ့ အချက်အလက်ကို ပြန်ကြည့်လိုက်၊ တဖက်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်ကို ပြန်ကြည့်လိုက်တယ်ဆိုရင် ကရင်နီပြည်လို့ပြောရင် ဖယ်ခုံအပါအဝင် လူဦးရေက လေးသိန်းကျော်ရှိတယ်။
စစ်ကောင်စီအောက်မှာ ရှိတဲ့ လူထုတွေက ထောင်ဂဏန်းပဲရှိတယ်။ ကျန်တဲ့ သိန်းဂဏန်းလူထုတွေက ဘယ်ရောက်သွားပြီလဲပေါ့။ ဆိုတော့ အဲ့ဒီလူထုတွေက နံပါတ်တစ်က ပြည်နယ်အဝန်းအဝိုင်းမှာတော့ တသိန်းခွဲက အမြဲတမ်းရှိတယ်။ ကျန်တဲ့ တသိန်းကျော်လူထုက ပြည်နယ်ပြင်ပမှာ ခိုလှုံတာရှိတယ်။ တဖက်နိုင်ငံမှာရှိတယ်။ နယ်စပ်မှာရှိတယ်။ နယ်စပ်မှာခိုလှုံတဲ့လူထုဆိုရင် ကျနော်တို့က စာရင်းထဲမထည့်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အကူအညီတွေက ကျနော်တို့လက်လှမ်းမမီလို့ မထည့်တော့ဘူးပေါ့နော။ နိုင်ငံရပ်ခြားမှာလည်း အများကြီး ခိုလှုံတာရှိတယ်။ အစောပိုင်းကာလမှာလည်း နိုင်ငံတကာမှာသွားပြီးတော့မှ အလုပ်လုပ်လို့ရသေးတဲ့ ပြည်ထွက်ခွင့်ရှိတဲ့အခါ လူငယ်တော်တော်များများက နိုင်ငံခြားသွားပြီး အလုပ်လုပ်တယ်။ အဲ့ဒီသူတွေအားလုံးက ရွေ့ပြောင်းနေထိုင်တာပဲ။ သူတို့လည်း IDPs ပဲပေါ့နော စာရင်းထဲပါသွားမယ်။ ကျနော်တို့ပြည်နယ်အဝန်းအဝိုင်းမှာတော့ လူတသိန်းခွဲကတော့ အမြဲတမ်းရှိနေတယ်ဆိုတဲ့ဟာပေါ့။ အခုလိုမျိုး ထပ်တိုးလာတယ်ဆိုရင် ထပ်ပေါင်း၊ နောက် လေး၊ ငါး ၊ ခြောက်လဆိုရင် ပြန်ရွေ့သွားတယ်။ နောက်ထပ် စစ်ကြောင်းထိုးတာပဲဖြစ်ဖြစ် သဘာဝဘေးကြောင့်ဖြစ်ဖြစ် လူဦးရေ ပြန်တိုးလာတယ်ဆိုတဲ့ အနေအထားမှာတော့ ရှိတယ်။
မေး ။ ။ လိုအပ်ချက်တွေလည်းများတယ်၊ တကယ်တမ်းဆောင်ရွက်ရမယ့် အစီအမံတွေရှိနေတော့ ဘယ်လိုဆောင်ရွက်မှပဲ ထိရောက်မယ်လို့ ဆရာ့အနေနဲ့ မြင်လဲ။
ဖြေ ။ ။ ကျနော်တို့ချထားတဲ့ အစီအမံတွေအတိုင်း ဆောင်ရွက်ဖို့ပဲဖြစ်တယ်။ နိုင်ငံတကာကလာပြီးပေးတဲ့ နည်းနာတွေ ဗျူဟာတွေထက်စာရင် ကျနော်တို့ ချမှတ်ထားတဲ့ အစီအမံတွေ မဟာဗျူဟာတွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ပဲဖြစ်တယ်။ အဲ့ဒီဟာက အထိရောက်ဆုံးပဲ။ ဘာလို့ဆိုရင် နေ့တဓူဝ အခြေနေတွေက ပြောင်းလဲတယ်၊ နေ့တဓူဝ လုပ်ရတဲ့လုပ်ငန်းတွေက မတူနိုင်ဘူး။ မတူတဲ့အပေါ်မှာ ကျနော်တို့က နေ့စဉ်နဲ့အမျှ ကျနော်တို့က ပေါင်းစပ်ရတယ်၊ ညှိနှိုင်းရတယ်၊ တွေ့ရတယ်၊ နည်းနာတွေရှာထုတ်ရတယ်။ တွေ့ရှိတဲ့နည်းနာတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ရတယ်ပေါ့နော။
အခု ကျနော်တို့ပြည်နယ်မှာ အုပ်ချုပ်ရေးကဏ္ဍတွေအနေနဲ့ ချမှတ်ဆောင်ရွက်တဲ့ အုပ်ချုပ်ရေးယန္တရားတွေရဲ့အစီအမံတွေ မဟာဗျူဟာတွေက အဲ့ဒီအတိုင်း ဆက်လက်ဆောင်ရွက်တာက အခြေခံအကျဆုံးဖြစ်တယ်။ အဲ့လိုမျိုးပဲ အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက သူ့နည်းသူ့ဟန်နဲ့ဆောင်ရွက်ရတဲ့ လုပ်ငန်းကဏ္ဍအလိုက် ချမှတ်ထားတဲ့ လက်ရှိ မဟာဗျူဟာအတိုင်းပဲ သူတို့ဆောင်ရွက်တာအကောင်းဆုံးပဲ။ အခုက စစ်ပဋိပက္ခကာလဖြစ်တာကြောင့် တရက်နဲ့တရက်က ဖြစ်လာတဲ့ဘေးအန္တရာယ်တွေက ဘယ်လိုမှမတူညီနိုင်တဲ့အပေါ်မှာ အစီအမံတွေက ပြန်ပြီး အသစ်အသစ်သော အစီအမံတွေကို ပြန်ထုတ်ရတယ်။ အစီအမံတွေက တစုတဖွဲ့နဲ့ တဦးတယောက်တည်းနဲ့ ဖော်ဆောင်လို့မရတဲ့အခြေအနေမျိုးဖြစ်လာရင် ကွန်ရက်ချိတ်ဆက်မှုနဲ့ ကျနော်တို့က ဒီဟာကို လက်တွေ့ကျအောင် လုပ်တဲ့ဟာပေါ့နော၊ အဲ့ဒါက အကောင်းဆုံးပဲ။