spot_img
21.6 C
Loikaw
Wednesday 19, November 2025
spot_img
Homeဆောင်းပါးဝမ်းနည်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရစ္စမတ်

ဝမ်းနည်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရစ္စမတ်

-

ကန္တာရဝတီတိုင်း(မ်)

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှာကျရောက်တဲ့ ခရစ္စမတ်ကို ခရစ်ယာန်ဘာသာဝင်တိုင်း ပျော်ရွှင်စွာနဲ့ ကြိုဆိုကြပါတယ်။ သို့ပေမယ့် ဒီနှစ် ခရစ္စမတ်အချိန်အခါမှာ ကရင်နီပြည်နယ်ထဲက ပြည်သူတွေအဖို့ ဝမ်းနည်းစရာနဲ့ ကြုံခဲ့ကြရပါတယ်။

ဖရူဆိုမြို့နယ်ထဲက ဖြစ်ရပ်တစ်ခုဟာ ကြားရတဲ့ သူတိုင်းကို မျက်ရည်စို့စေခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ရက်နေ့ စစ်ကောင်စီကနေပြီးတော့ အပြစ်မဲ့ ကလေးငယ်၊ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း ၃၅ထက်မနည်းတဲ့ ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မီးရှို့အသတ်ခံရတဲ့ သူတွေရဲ့အလောင်းကို ဒီဇင်ဘာ ၂၉ရက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ KA KNDFတပ်ဖွဲတွေကနေပြီးတော့ လောင်ကျွမ်းသွားတဲ့ ဘယ်သူဘယ်ဝါမှန်းမသိတော့တဲ့ ရုပ်အလောင်းပြာ တွေကို ပြန်လည်ယူဆောင်ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပါတယ်။

ဒီနှစ်ခရစ္စမတ်ကတော့ ဝမ်းနည်းစရာတွေနဲ့ပဲ ကြိုခဲ့ရတယ်လို့ ကက်သလစ်ဘာသာဝင် စစ်ရှောင်လူငယ်တစ်ဦး က ပြောပါတယ်။

“ ဒီနှစ်ခရစ္စမတ်ကတော့ နှလုံးသားမှာပီတိဖြစ်မိပါတယ် ဒါပေမယ့် တကယ့်လက်တွေ့မှာက ဝမ်းနည်းစရာတွေနဲ့အများကြီးကြုံနေရတယ်ပေါ့နော။ အရင်က ခါတိုင်းနှစ်မှာဆိုလို့ရှိရင် ကျနော်တို့ ညလုံးပေါက်ထိနေပြီး ခရစ္စမတ်ကိုကြိုဆိုကြတယ် ဒါပေမယ့် ဒီနှစ်တော့ ဒီလိုမျိုးမလုပ်ဖြစ်တော့ဘူးပေါ့နော ကျနော်တို့အတွက် ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ မရှိတော့ဘူးပေါ့နော ကျနော်တို့နေ့တိုင်းမြင်နေရတဲ့ဟာက ကျနော်တို့ကိုဝမ်းနည်းစေတယ် ကျနော်တို့အတွက်တော်တော်လေးကိုအဆင်မပြေဘူးပေါ့နော။ ဒီ ခရစ္စမတ်က ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုရမယ့် ခရစ္စမတ်မှာ ဒီနှစ်မှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကြိုရတယ် အဲ့လိုအခြေအနေမျိုးရောက်လာတယ်ပေါ့။ “

ကရင်နီပြည်နယ်မှာဆိုရင် တချို့သောနေရာတွေမှာ ခရစ္စမတ်ပွဲတွေကို အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ကြပါတယ်။ ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးကလည်း ခရစ္စမတ်ပွဲ မပြုလုပ်တော့ဘဲ လိုအပ်နေတဲ့ စစ်ရှောင်တွေကို ကူညီတာတွေ လုပ်ဆောင်တာတွေရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောထားတာရှိပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲတွေကြောင့် တောတောင်ထဲ ကြာရှည်စွာ စစ်ရှောင်နေကြရပါတယ်။ နှစ်တိုင်း ခမ်းနားစွာကျင်းပခဲ့ကြတဲ့ ခရစ္စမတ်ကို ဒီနှစ်မှာတော့ ခမ်းနားစွာ မကျင်းပနိုင်တော့ဘူးလို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။

“ မင်းအောင်လှိုင်ကြောင့် စစ်အာဏာသိမ်းလို့ ခါတိုင်းနှစ်လို့ ခမ်းခမ်းနားနားမလုပ်နိုင်ဘူး ရွာမှာလည်းပြန်လည်လို့မရဘူးပေါ့နော။ အရင်နှစ်နဲ့ဒီနှစ်က အရမ်းကွာခြားမှုရှိသွားတယ်ပေါ့ ကျနော်တို့ရွာမှာနေတဲ့ချိန်တော့ပြည့်စုံတယ်ပေါ့ ဒီနှစ်မှာတော့ မပြည့်စုံတော့ဘူးပေါ့နော။ ဒါပေမယ့် ဓလေ့ထုံးစံရှိတဲ့အတိုင်း ဖြစ်သလိုပဲလုပ်ရတယ်ပေါ့ ဒီမှာတော့။ “

စစ်ကောင်စီက အာဏာသိမ်ပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိသလို ဒေသခံတွေရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်စီးတာတွေ ရှိနေပါတယ်။

၂၀၂၁ ကရင်နီပြည်နယ်ရဲ့ ခရစ္စမတ်နေ့ဟာ စစ်ကောင်စီက မီရှို့သတ်ဖြတ်သွားတဲ့ သူတွေထဲ ဘယ်သူတွေပါသွားလဲဆိုတာ တွေးပူရင်း ဖြတ်သန်းနေရတဲ့အတွက် ယခင်နှစ်တွေလိုမျိုး ပျော်ရွှင်မှု မရှိနိုင်တော့တာ သေချာပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ