spot_img
Homeဆောင်းပါး“ဒရုန်းခြိမ်းခြောက်မှုကြား သီးနှံရိတ်သိမ်းဖို့ ရုန်းကန်နေရတဲ့ ဖရူဆိုကတောင်သူများ”

“ဒရုန်းခြိမ်းခြောက်မှုကြား သီးနှံရိတ်သိမ်းဖို့ ရုန်းကန်နေရတဲ့ ဖရူဆိုကတောင်သူများ”

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ဟာ စိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့ ဒေသတခုဖြစ်ပေမဲ့ တောင်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိမိတို့ပိုင်ဆိုင်တဲ့လယ်ယာမြေတွေကို အပြည့်အဝစိုက်ပျိုးလုပ်ကိုင်ခွင့်မရတော့တာ ၅ နှစ်ကျော် လာပါပြီ။

အထူးသဖြင့် ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ စစ်အာဏာသိမ်းတပ်တွေ လှုပ်ရှားမှု ပိုများနေတဲ့ ဖရူဆိုမြို့နယ်အတွင်းကတောင်သူတွေဟာ သီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ပိုမိုဆုံးရှုံးနေကြရတာပါ။

ပဋိပက္ခအတွင်း စစ်ကြောင်းထိုးတာ၊ လေကြောင်းဗုံးကြဲတာတွေအပြင် စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း ရှိနေကြတဲ့ အရပ်သားတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတာပါ။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ စာရင်းတွေအရ မိုးတွင်းကာလ စိုက်ပျိုးရာသီဖြစ်တဲ့ ၂၀၂၆ မေလကနေ စက်တင်ဘာလအတွင်းမှာ အာဏာသိမ်းစစ်တပ်ဟာ ဖရူဆိုမြို့နယ်အတွင်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရှိသူတွေလည်း ရှိပါတယ်။ ဒီစာရင်းတွေကတော့ လက်လှမ်းမီပြုစုထားတဲ့ စာရင်းတွေသာဖြစ်ပြီး ဒီထက်များနိုင်ပါတယ်။

စာရင်းတွေအရတော့ တိုက်ခိုက်မှုအများစုမှာ ဒရုန်းတွေကို အသုံးပြုနေပြီး တောင်ယာလုပ်ငန်းခွင် ဝင်နေတဲ့တောင်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသခံနဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။

ဖရူဆိုမြို့နယ် ၂၀၁၉ ဒေသဆိုင်ရာ အချက်အလက်စာတမ်းအရ ဖရူဆိုမြို့နယ်မှာ လူဦးရေ သုံးသောင်း ဝန်းကျင် ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဖရူဆိုမြို့ပေါ် နဲ့ အနီးနားက ကျေးရွာတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေကြရပေမဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးလုပ်ကိုင်ဖို့ လိုအပ်တာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေကြားကနေ တောင်ယာ၊ လယ်ယာ လုပ်ငန်းခွင်တွေဆီ အရဲစွန့်သွားနေကြဆဲပါ။

“ကျတော်တို့ အုပ်စုမှာတော့ ဒရုန်းနဲ့ ခဏခဏ ချနေတယ်၊ မနေ့ကရော ဒီရက်ရော၊ မနေ့ကဆို အိမ်တွေရော ပျက်တယ်၊ ဒီနေ့တော့ တောင်ယာသွားတဲ့ လူတွေကို ဒရုန်းနဲ့ချတာ မထိဘူးဆိုပေမယ့် မကွဲတာပေါ့၊ ကွဲမယ်ဆိုလည်း မလွယ်ဘူးပေါ့၊ တောင်ယာခင်း၊ ယာခင်းသွားတဲ့သူတွေကို ခဏခဏ ဒရုန်းချတော့ တော်တော်လေး စိုးရိမ်နေကြရတယ်” လို့ တောင်သူအမျိုးသားတဦးက ပြောပါတယ်။

တခါတလေမှာ အသက်အန္တရာယ်တွေကြားက သီးနှံစိုက်ပျိုးလုပ်ကိုင်ခဲ့ကြပေမဲ့ သီးနှံရိတ်သိမ်းချိန်မှာ စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်တာ၊ ဒရုန်းဗုံး၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် ရိတ်သိမ်းခွင့်မရတဲ့ စိုက်ခင်းတွေ တနှစ်ထက်တနှစ် ပိုများလာပါတယ်။ အထူးသဖြင့် အခု ၂၀၂၆ ခုနှစ်အတွင်း ဖရူဆိုက တောင်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခပ်စိပ်စိပ် ကြုံတွေ့လာကြပါတယ်။

“တော်တော်တော့ ဆိုးနေပြီ၊ တောင်ယာသွားရင် ဒရုန်းနဲ့လာကြည့်တယ်၊ မိုးအုံ့နေရင်တော့ သက်သာတာပေါ့၊ မြင်ကွင်းရှင်းနေရင် တောင်ယာခင်းနဲ့ လူတွေအလုပ်လုပ်နေတာ လေး-ငါးယောက် တွေ့ရင် ချတာပဲ၊ ထွက်ပြေးရင်လည်း လိုက်နေသေးတယ်၊ တော်တော်ခက်တယ်၊ စိုးလည်း စိုးရိမ်တယ်၊ ဆက်တိုက်ထိလာတော့။”လို့ ဖရူဆိုဒေသခံ တောင်ယာလုပ်ကိုင်သူ အမျိုးသားတဦးက ဆိုပါတယ်။

ဒီအောက်တိုဘာလမှာပဲ ပြောင်းသီးနှံတချို့ကို သိမ်းယူရတော့မှာဖြစ်ပေမဲ့ လုံခြုံရေးအရ တချို့စိုက်ခင်းတွေဆီကို ခြေဦးမလှည့်နိုင်ကြသေးပါဘူး။ ရိတ်သိမ်းချိန်လွန်သွားရင်တော့ သီးနှံပျက်စီးတာနဲ့ အထွက်နှုန်းလျော့ကျတာတွေဖြစ်မှာကို တောင်သူတွေက ထပ်ဆင့်စိုးရိမ်နေကြပါတယ်။

ပဋိပက္ခတွေကြောင့် စိုက်ပျိုးနိုင်တဲ့ဧရိယာတွေ လျော့ကျလာတဲ့အချိန်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းခွင့်မရတာက ဒေသတွင်းစားဝတ်နေရေးဖူလုံမှုအပေါ် သက်ရောက်မှုပိုများလာစေပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဥက္ကဌ မော်ဖရေမြာ ကတော့ အရပ်သားတွေ၊ တောင်သူတွေကို အာဏာသိမ်းစစ်တပ်က ခပ်စိပ်စိပ်တိုက်ခိုက်လာတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး၊ မြေပြင်စစ်ဆင်ရေးတွေအတွက် အထောက်အကူဖြစ်အောင် လုပ်ဆောင်နေတာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

“အဲဒီလို ကိုယ့်မိသားစုအတွက် အစားအစာ ရှာဖွေနေတဲ့အချိန်မှာ ဒရုန်းတိုက်ခိုက်မှုတွေ ကြုံတွေ့ရတာဟာ ပြည်သူတွေအတွက် အသက်အန္တရာယ်အပြင် စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေကိုပါ ဆုံးရှုံးစေပါတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။

၅ လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း တောင်ယာလုပ်ငန်းခွင်ကို ဝင်ရောက်နေတဲ့ အမျိုးသမီးတွေလည်း ထိခိုက်မှုတွေရှိနေတာပါ။

“အမျိုးသမီးတွေအနေနဲ့ မိသားစုစားနပ်ရိက္ခာရရှိရေးနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရေး တာဝန်တွေကို ထမ်းဆောင်နေရတဲ့အတွက် ဒီလိုတိုက်ခိုက်မှုတွေကြောင့် ပိုမိုခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာလည်း ရေရှည်သက်ရောက်မှုတွေ ရှိလာပါတယ်။” လို့ မော်ဖရေမြာ က ပြောပါတယ်။

တဖက်မှာလည်း စစ်ရေး၊ နိုင်ငံရေးနဲ့ မသက်ဆိုင်ပဲ တောင်သူတွေကို တိုက်ခိုက်တာဟာ လူထုကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်တာ၊ ဝမ်းစာရေး မပြေလည်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

စိုက်ပျိုးထားတဲ့သီးနှံတွေကို အချိန်မီရိတ်သိမ်းနိုင်ဖို့ဆိုတာ ဖရူဆိုဒေသခံတောင်သူတွေအတွက် ဝင်ငွေရရှိရေးတခုတည်း မဟုတ်ပါဘူး။ မိသားစုတွင်း စားနပ်ရိက္ခာဖူလုံရေးနဲ့ နောက်တရာသီအတွက် ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမဲ့ တောင်ယာလုပ်ငန်းခွင်ကို သွားရောက်ဖို့တောင် အသက်အန္တရာယ်ကို စိုးရိမ်နေရတဲ့အခြေအနေမှာ သူတို့ရဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းအနာဂတ်ဟာ မရေမရာဖြစ်နေဆဲပါပဲ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ