spot_img
Homeဆောင်းပါး“စစ်ပွဲတွေကြား မြည်ဟည်းနေဆဲ ရိုးရာသံများ”

“စစ်ပွဲတွေကြား မြည်ဟည်းနေဆဲ ရိုးရာသံများ”

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ ကောင်းကင်ယံမှာ ဒရုန်းသံ ၊ အမြောက်သံ၊ လေယာဉ်သံတွေ လွှမ်းမိုးလာတာ ငါးနှစ် ကျော်လာခဲ့ပါပြီ။ အိုးအိမ်စွန့်ခွာရတာ၊ ဆုံးရှုံးရတာနဲ့ နာကျင်မှုတွေကြားမှာ ကရင်နီလူထုတို့ရဲ့ နေ့စဉ်ဘဝဟာ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေဆဲပါပဲ။

ဒါပေမဲ့လည်း ဒီလိုစစ်မီးလျှံတွေကြားထဲကနေ ကရင်နီပြည်ထဲက မျိုးနွယ်စုတွေအသီးသီးဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမှတ်သညာကိုတော့ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ကြပါဘူး။

အဲဒီရဲ့ သက်သေတခုကတော့ ယခုလိုမိုးတွင်းကာလမှာ ရိုးရာပွဲတော်တခုဖြစ်တဲ့ “ဒီးကူပွဲ” ကို အခက်အခဲမျိုးစုံကြားကနေ ဆက်လက်ကျင်းပနေခြင်းပါပဲ။

နှစ်စဉ် ဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းမှာ ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မနုမနော) ၊ ယင်းတလဲ မျိုးနွယ်စုတို့က နှစ်စဉ်နှစ်တိုင်း “ဒီးကူပွဲ” ကို ကျင်းပလာခဲ့ကြတာပါ။

အများစုက သိရှိထားကြတဲ့ “ဒီးကူပွဲ” ကိုတော့ ကယားလူမျိုးစုတွေက “အဲ့ဒိုပေါ်မီ”၊ ကော်ယော် (မနုမနော) လူမျိုးစုတွေက “ဗေ့လဂါဖို”၊ ယင်းတလဲ လူမျိုးစုတွေက “အယ်ဒိုပေါ်မီ”လို့ခေါ်ကြသလို တချို့ကလည်း “ရှဒေါင်း” လို့လည်း ခေါ်ကြပါတယ်။ ကယော လူမျိုးစုတွေကတော့ “ဗေ့လာ” ဆိုပြီး မိမိတို့ရဲ့ လူမျိုးစုစကားအလိုက် ခေါ်ဝေါ်သုံးစွဲကြပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်နီပြည်တွင်း စစ်ပွဲတွေ ပြင်းထန်လာချိန်မှာ ရိုးရာပွဲတွေ ကျင်းပပုံဟာလည်း ပြောင်းလဲသွားခဲ့ရပါတယ်။ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေကြရတဲ့အတွက် အရင်လို စည်ကား သိုက်မြိုက်စွာ မကျင်းပနိုင်တော့ပဲ စစ်ဘေးရှောင်စခန်းတွေ၊ တောတောင်တွေနဲ့ လုံခြုံတဲ့နေရာ အချို့မှာသာ အကျဉ်းချုံးကျင်းပနေကြရပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဖွံ့ဘော်ခွတ်မြို့နယ်တွင်းတနေရာမှာ ကော်ယော်(မနုမနော) လူမျိုးစုတွေက ဗေ့လဂါဖို (ခေါ် ) ဒီးကူပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်မှာ ဒုတိယအကြိမ်မြောက် စုပေါင်းကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် ကော်ယော်(မနုမနော) လူမျိုးစုတွေ စုပေါင်းကျင်းပနိုင်တာ ဖြစ်ပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် ရိုးရာပွဲတွေကို ကျင်းပရမှာဖြစ်တယ်လို့ ကော်ယော်(မနုမနော) စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်တဦး က ပြောပါတယ်။

အခုလိုတော်လှန်ရေးကာလအတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ နီးတဲ့ ကျေးရွာတွေ၊ တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေမှာ ရိုးရာပွဲကိုမလုပ်ဆောင်နိုင်တာ ရှိပေမဲ့၊ ရောက်ရှိတဲ့နေရာမှာ ရိုးရာဓလေ့တွေကို အကျဉ်းချုံးလုပ်ဆောင်တာ၊ လူဦးရေအနည်းငယ်နဲ့သာ လုပ်ဆောင်ကြပြီး ဧည့်သည်တွေကို မဖိတ်ကြားနိုင်တာ ၊ ခမ်းနားစွာမလုပ်နိုင်တာတွေပဲ ကွာခြားသွားတဲ့အတွက် ကရင်နီလူမျိုးစုတွေမှာ ရိုးရာဓလေ့တွေ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ရိုးရာပွဲတော်ကို အစဉ်တစိုက် ထိန်းသိမ်းလာတဲ့ လူကြီးသူမတွေက ပြောပါတယ်။
ဒါပေမဲ့လည်း မငြိမ်းချမ်းတဲ့အခြေအနေမှာ ရိုးရာပွဲတော်တွေကို မပျောက်ပျက်အောင် အစဉ်တစိုက် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကတော့ မျိုးစုံသောအခက်အခဲကြားမှာ ရှင်သန်နေကြရတဲ့ ကရင်နီလူထုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။

စစ်တပ်က အာဏာမသိမ်းခင်အထိ သက်ဆိုင်ရာမျိုးနွယ်စုတွေဟာ မျိုးနွယ်စုအလိုက် စုပေါင်းပြီး ပြည်နယ်အဆင့်၊ ဒေသအဆင့်၊ ကျေးရွာအဆင့် စသဖြင့် “ဒီးကူပွဲ” ကို ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ကရင်နီမျိုးနွယ်စုတွေ ရောက်ရှိနေကြတဲ့ ပြည်ပနိုင်ငံအသီးသီးမှာလည်း ကျင်းပကြပါတယ်။

အဲ့ဒီလိုစုပေါင်းကျင်းပတာဟာ ပျော်ပွဲတခုမဟုတ်ပဲ မိမိတို့ ကရင်နီအမျိုးသားများ ကျွန်ဘဝကနေ လွတ်မြောက်ခြင်း အမျိုးသားအမှတ်သညာနဲ့ လူမျိုးအသီးသီးရဲ့ ရိုးရာဓလေ့ထုံးစံတွေကို အစဉ်အောက်မေ့ သတိယနေစေလိုခြင်းဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းသူတွေက ပြောထားပါတယ်။

“ဒီးကူပွဲ” ကို ကြာချိန်အားဖြင့် ၃ ရက်တိတိ ကျင်းပကြပါတယ်။ ပွဲအတွင်း ဒီးကူ (ခေါ် ) ကောက်ညင်းထုပ်ကို ထုပ်ပြီးပြုတ်ပါတယ်။ ကြက်၊ ဝက်၊ နွား များကို ဟင်းလျာအဖြစ် ချက်စားကြပါတယ်။ ခေါင်ရည်၊ အရက် တို့ကို ချက်ကြပါတယ်။ ပွဲအတွင်း အလည်လာတဲ့ ဧည့်သည်တွေကို အိမ်တိုင်းသို့ ဖိတ်ခေါ်ပြီး ဒီးကူထုပ်၊ ထမင်းဟင်းလျာ၊ ခေါင်ရည်၊ အရက်များနဲ့ ဧည့်ခံကြပါတယ်။ ဒီးကူပွဲအကဖြင့် ၃ ရက်တိတိ အိမ်တိုင်းကို လှည့်လည်ကပြ ဖျော်ဖြေကြပါတယ်။ ဖိတ်ကြားထားတဲ့ အနီးအနားရှိ ကျေးရွာများကလည်း ဗုံမောင်းများယူဆောင်လာပြီး ပွဲကျင်းပတဲ့ ရွာအတွင်း ပျော်ရွှင်စွာစားသောက်ကခုန်ကြပါတယ်။

“ဒီးကူပွဲ” အတွင်း ရိုးရာဓလေ့ထုံးစံအရ အဆင့်ဆင့်လုပ်ဆောင်ကြတဲ့ အချက်တွေကတော့ ဘာဒီးလယ် (ခေါ် ) ဒီးကူရွက်ခူးခြင်း၊ အဲ့ယို (ခေါ် ) လိပ်ပြာခေါ်ခြင်း၊ စောလျိုး (ခေါ် ) သေလွန်သူတို့၏ ဝိညာဉ်ကို ရည်စူးပသခြင်း၊ ပေါ်မီ (ခေါ် ) မကောင်းဆိုးဝါးများမောင်းထုတ်ခြင်း ၊ ဖိုးဒီးကရီး ပြုလုပ်ခြင်း၊ ပင့်ဆောင်ခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်း တို့ ဖြစ်ပါတယ်။ ဒီးကူပွဲအတွင်း ပြုလုပ်တဲ့ အဆင့်တွေရဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေက လူမျိုးစုအလိုက် ကွဲပြားခြားနားပါတယ်။ ယခု ဆောင်းပါးအတွင်း သုံးနှုန်းထားတဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေဟာ ကယားလူမျိုးစုတွေရဲ့ အသုံးအနှုန်းကို ကိုးကားထားတာ ဖြစ်ပါတယ်။

“ဒီးကူပွဲ” ကို စတင်မကျင်းပခင်မှာ အရေးကြီးဆုံးအချက်က ဘားရှေး ( ခေါ် ) ကြက်ရိုးထိုးခြင်းပါ။ ကြက်ရိုးထိုးရတဲ့ ရည်ရွယ်ချက်က ဒီးကူးရွက်ခူးရမယ့်ရက်ကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဒီးကူးရွက် ခူးခြင်းကို ၂ ရက် ရွေးချယ်စေပြီး ကြက်ရိုးထိုး အောင်မြင်တဲ့နေ့ရက်ကို ရွေးချယ်ကာ စတင်ခူးယူကြပါတယ်။

“ဒီးကူပွဲ” ဟာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရာပွဲတော်အသွင်ဆောင်ပေမယ့် “ကရင်နီအမျိုးသားတရပ်လုံးရဲ့ အောင်ပွဲအထိမ်းအမှတ်ပွဲတော်” တခု ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း “ဒီးကူပွဲ” ကို “ပျော်ရွှင်ဖွယ် ရိုးရာအစဉ်အလာပွဲလမ်းသဘင်” လို့ မမြင်စေချင်သလို အစဉ်အလာအရ ပွဲအတွင်းမှာ ခေါင်ရည်၊ အရက် တို့ကို ဧည့်ခံကျွေးမွေးတဲ့အတွက် “ ဒီးကူပွဲဟာ ခေါင်ရည်၊ အရက်သောက်ပွဲ ” တခုလို့လည်း မသတ်မှတ်စေချင်ကြောင်း ရိုးရာပွဲတော်ကို အစဉ်တစိုက် ထိန်းသိမ်းလာတဲ့ လူကြီးသူမတွေက သတိပေးထားကြပါတယ်။

ကယောလူမျိုးစုတွေလည်း အရင်က “ ဒီးကူပွဲ” ကို နှစ်တိုင်းကျင်းပခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကစပြီး မကျင်းပတော့ဘူးလို့ သိရပါတယ်။ ဖရူဆိုမြို့နယ်၊ ဒိုမိုစောအုပ်စု၊ ပလေလာ ရွာကနေ စတင်ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ ခီးလိုလာ၊ ဂျေဂျာနဲ့ ခရော့ခူရွာတွေမှာ ဆက်ပြီး ကျင်းပခဲ့ကြတာပါ။

ကယောလူမျိုးစုတွေ “ ဒီးကူပွဲ ” ကို ဆက်ပြီး မကျင်းပဖြစ်တော့တဲ့အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ကယောလူမျိုးစုတွေ နေထိုင်တဲ့ဒေသတွေကနေ စုပေါင်းပြီး “ ဒီးကူပွဲ ” ပွဲ ကျင်းပဖို့အတွက် ညဘက်မှာဒီးကူချက်တဲ့သူတွေက ချက်နေရင်းတူးသွားတဲ့အတွက် ယဉ်ကျေးမှုနဲ့ မကိုက်ညီတော့သလို သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့လည်း မကိုက်တော့တာကြောင့် “ဒီးကူပွဲ” ပြုလုပ်တာကို ရပ်နားလိုက်ရတယ်လို့ ပရဲ့ကယောအမျိုးသားဗဟိုကော်မတီ ဥက္ကဌ ဦးပေါသယ်မောအီ က ၂၀၁၆ ခုနှစ်မှာ ကန္တာရဝတီတိုင်း(မ်) ကို ရှင်းပြခဲ့ဖူးပါတယ်။

ကျန်တဲ့မျိုးနွယ်စုအသီးသီးမှာလည်း အထင်ကရမဟုတ်ရင်တောင် သက်ဆိုင်ရာရိုးရာပွဲတွေ ကိုယ်စီရှိကြသလို အထင်ကရရိုးရာပွဲတော်တွေကိုလည်း အစဉ်တစိုက် ထိန်းသိမ်းလုပ်ဆောင်လျှက် ရှိကြပါတယ်။

ဒီအထိမ်းအမှတ် မပပျောက်ဖို့အတွက် ရိုးရာအစဉ်အလာတခုလို ယနေ့အထိ ထိန်းထိန်းသိမ်းသိမ်းနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြတဲ့အတွက် ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းဖြစ်ရပ်မှန်တွေဟာ ယနေ့ ကရင်နီအမျိုးသားတွေရဲ့ လက်ထက်မှာ ထင်ကျန်နေတာပါ။

ရိုးရာဓလေ့ဆိုတာ လူမျိုးတမျိုးဖြစ်တည်မှုကြောင့် တည်ရှိလာတာဖြစ်သလို ရိုးရာမရှိရင် လူမျိုးပျောက်နိုင်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ အဆိုအမိန့်တွေကြောင့် ရိုးရာပွဲတော်တွေကို တတ်နိုင်သလောက် မပျက်မကွက် ဆက်လက်ထိန်းသိမ်းလာကြတာဖြစ်ပါတယ်။

တချို့သော စစ်ရှောင်စခန်းက ကရင်နီလူထုတွေကတော့ ဝါးတဲအိမ်ငယ်တွေအောက်မှာ ဒီးကူကိုရအောင်ထုပ်ပြီး ချက်ပြုတ်ကြရင်း အချင်းချင်းမျှဝေကျွေးမွေးကြပါတယ်။ ဖားစည်သံ၊ ဗုံသံတွေကို တိုးတိုးညင်းညင်းသာ တီးခတ်ကြရပေမဲ့ သူတို့ရဲ့ နှလုံးသားထဲက ယဉ်ကျေးမှု အမြစ်ကတော့ ပိုပြီးနက်ရှိုင်းစွာ အမြစ်တွယ်နေဆဲပါပဲ။

စစ်ကြားထဲမှာ အခုလိုရိုးရာပွဲတော်တွေကို ဆက်လက်ကျင်းပနေခြင်းဟာ ရိုးရာပွဲတော်တခုကို ထိန်းသိမ်းခြင်းထက် ပိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒါဟာ အမျိုးသားရေးအမှတ်သညာတွေ၊ ရိုးရာဓလေ့ထုံးစံတွေ မပျောက်ပျက်အောင် ထိန်းသိမ်းနေတာပါ။

စစ်ပွဲကြောင့် တကွဲတပြားဖြစ်သွားကြတဲ့ မိဘဆွေမျိုးတွေ စုံစုံလင်လင် ပြန်လည်တွေ့ဆုံနိုင်ဖို့၊ အချင်းချင်း ပြန်လည်ရင်းနှီးမှုရဖို့၊ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု ပြန်ရရှိဖို့အတွက် ပြည့်ပြည့်စုံစုံ၊ ခမ်းခမ်းနားနားနဲ့ ရိုးရာပွဲတော်တွေကို ပြန်ကျင်းပနိုင်မယ့်အချိန်ကို ကရင်နီလူထုတွေက နေ့စဉ်နဲ့အမျှ တောင့်တမျှော်လင့်နေကြပါတယ်…….။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ