ကန္တာရဝတီတိုင်း (မ်)
“ကြားတယ် ရက်တိုင်းကြားတယ်။ လယ်ထဲဆို ပိုတောင်ကြားရသေးတယ်။ မနေ့ညဆိုလည်း မိုးလင်းပေါက်ပဲ။ အခြေနေဆိုးရင် ထပြန်တာပေါ့။ မနေရဲဘူးလေ၊ တခုခုဆို သူများပြေးပြီး ကိုယ်ကျန်ခဲ့မှာစိုးတယ်။ ကိုယ်က လုပ်နေရင်း အလုပ်ကိုထားခဲ့ပြီးပြန်ရတယ်”ဆိုပြီး ပြောပြလာသူဟာ နန်းမယ်ခုံမြို့နယ်ထဲက ရွာတရွာမှာနေထိုင်တဲ့ တောင်သူအမျိုးသမီး ဒေါ်ဘျားပဲ ဖြစ်ပါတယ်။
သူမ ကြားရတဲ့ အသံဟာ သာယာငြိမ့်ညောင်းပြီး နားထောင်ချင်စဖွယ် အသံတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် အသက်ကိုပါ နုတ်ယူသွားနိုင်တဲ့ လက်နက်ကြီးကျသံ၊ ဒရုန်းဗုံးကြဲသံနဲ့ သေနတ်သံတွေပဲဖြစ်ပါတယ်။
နန်းမယ်ခုံမြို့နယ်ထဲမှာ နေထိုင်နေကြတဲ့ဒေသခံတွေဟာ လယ်ယာ၊ တောင်ယာ အလုပ်နဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုနေရသူတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ စစ်အုပ်စုက နန်းမယ်ခုံနဲ့ သိပ်မဝေးလှတဲ့ ဒေါငံခါးကျေးရွာ ဘက်ကို စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ လက်နက်ကြီး၊ ဒရုန်းတွေ နေစဉ်ရက်ဆက်ပစ်ခတ် တိုက်ခိုက်နေသံကို နမ်းမယ်ခုံမြို့နယ်ထဲက ဒေသခံတွေဟာ အထင်းသား ကြားနေမြင်နေ ကြရတာဖြစ်ပါတယ်။
တခါတလေ လယ်စပါးကွင်းနေရာတွေအထိ စစ်အုပ်စုရဲ့ လက်နက်ကြီးက လာကျတတ်သလို၊ တောင်သူတွေကို ဒရုန်းနဲ့ လာရောက်တိုက်ခိုက်တာလည်းရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း နန်းမယ်ခုံမြို့နယ်ထဲက ဒေသခံတွေဟာ စပါးကို ဒီလိုအသက်အန္တရာယ်ကြားကပြန်လည် စိုက်ပျိုးရိတ်သိမ်းနေကြတာပါ။
အာဏာမသိမ်းခင်က ဒေသခံတောင်သူတွေ စည်းစည်းလုံးလုံးနဲ့ စပါးစိုက်ကြ၊ ရိတ်သိမ်းကြတာတွေဟာ အာဏာသိမ်းပြီးနောက် ပျောက်ကွယ်လာခဲ့ရပါတယ်။
“နိုင်ငံရေးကောင်းတုန်းကဆို ဒီချိန်လုပ်ကြမယ်ဆို ရေတားရင်လည်း တူတူသွားတားကြ၊ (၆) လပိုင်းပျိုးထောင်ရင် (၇)လပိုင်း စိုက်ပေါ့။ အကုန်လုံး အဲ့လိုတန်းတူလုပ်ကြတယ်။ သွားရေးလာရေးလည်း စည်းလုံးတယ်၊ ပျော်တာပေါ့နော်။ အခုကျတော့ လုလုပ်ကြတဲ့ ပုံစံဖြစ်နေတယ်။ စိုက်တဲ့လူစိုက် ပေါင်းလိုက်တဲ့သူလိုက် စုံနေတာပဲ အဲ့ဒီအခြေနေကြောင့်ပေါ့” လို့ ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေကို နှမြောဟန်နဲ့ ဒေါ်ဘျား တယောက် ပြန်ပြောပြနေပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ မဖြစ်ခင် အာဏာမသိမ်းခင်တုန်းက အလုပ်နားလို့ နေ့လယ်ခင်းထမင်းလက်စုံ စားခဲ့ကြတဲ့အချိန်ဟာ တောင်သူတွေအတွက်တော့ ပင်ပန်းမှုတွေကို ခဏတာ ဖြေဖျောက်ဖို့ အကောင်းဆုံးအချိန် တွေဖြစ်ခဲ့တာပါ။
ယခုချိန်မှာတော့ ဒရုန်းနဲ့ လက်နက်ကြီးရန်ကြောင့် လယ်ကွင်းပြင်ကြီးထဲ လူတွေစုမနေရဲတော့ပဲ ကိုယ့်ဟာကိုယ် တိုးတိုးတိတ်တိတ်စားပြီး အလုပ်ကိုအမြန်ပြီးမြောက်ဖို့ လုပ်နေကြတာကြောင့် ချစ်စရာကောင်းတဲ့ တောင်သူတွေရဲ့ အစဉ်လာဟာ ပျောက်ကွယ်လာခဲ့ပြီ ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်ရောက်ရှိ လေ့လာချက်တွေအရတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူအများစုဟာ အမျိုးသမီးတွေဖြစ်နေပါတယ်။ အမျိုးသားတွေပါဝင်တယ်ဆိုပေမဲ့ အမျိုးသမီးအရေအတွက်ကပိုများနေတာပါ။

တောင်သူအမျိုးသမီးတွေကိုမေးမြန်းထားချက်အရ အမျိုးသားတွေအများစုဟာ မိသားစုစားဝတ်နေရေးကိုဖြေရှင်းဖို့ တခြားသော သတ္တုထုတ်လုပ်ရေးလုပ်ငန်း၊ ကုန်စည်တင်ပို့မှုလုပ်ငန်းအပြင် နိုင်ငံရပ်ခြားကို အလုပ်အကိုင်တွေကို သွားရောက်နေကြသူတွေများတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့်လည်း အမျိုးသမီးတောင်သူများက မိသားစုဝင်ငွေရှာဖွေမှုနှင့် အိမ်မှုကိစ္စများကို တပြိုင်နက်တည်း တာဝန်ယူနေရပါတယ်။
ဒါကြောင့်လည်း အိမ်ထောင်ရဲ့ တာဝန်ကို ထမ်းနေရတဲ့ ဒေါ်ဘျားတို့လို အမျိုးသမီးတောင်သူတွေဟာ အိမ်ထောင်မှု အလုပ်တွေအပြင် မိသားစုရဲ့ ဝမ်းရေးအတွက် စစ်အုပ်စုရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေကို ပိုမိုခံစားနေကြရပါတယ်။
အာဏာသိမ်းကာလမှာတော့ တောင်သူတွေဟာ စိုက်ဧရိယာတွေနည်းလာသလို၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတာကြောင့် စိုက်ပျိုးနိုင်မှု နည်းလာပါတယ်။ ပြီးခဲ့တဲ့နွေမှာစိုက်ပျိုးခဲ့တဲ့စပါးတွေကို အခုချိန်မှာ ရိတ်သိမ်းရတော့မှာဖြစ်ပြီး မိုးစပါးအတွက် ပျိုးချစိုက်သူတွေလည်းရှိနေပါတယ်။
နန်းမယ်ခုံလို စစ်အုပ်စုရဲ့ ထိန်းချုပ်ရာနေရာနဲ့နီးတဲ့ဒေသက တောင်သူတွေကတော့ အန္တရာယ်ပိုများနေတာပါ။
စစ်ကြောင်းထိုးလာတဲ့ သတင်းတွေကြားလို့ပဲဖြစ်စေ၊ တိုက်ပွဲသံ လက်နက်ကြီးသံတွေကြာင့်ပဲ ဖြစ်စေ တောင်သူတွေဟာ ရိတ်သိမ်းချိန်မတန်သေးပဲ ရိတ်သိမ်းရဖို့ အကြောင်းဖန်လာပါတယ်။
“အခုခါကျတော့ စစ်ကြောင်းထိုးတာကြားတော့၊ လက်နက်ကြီးလည်း ကြားတယ်။ လက်နက်ငယ်လည်း ကိုယ့်နဲ့ တဖြည်းဖြည်းနီးလာတော့ နောက်တပတ်မှ ရိတ်ရမှာကို အခုကတည်းက ရိတ်နေရတာတွေလည်း ရှိတယ်” လို့ တောင်သူအမျိုးသမီး တဦးဖြစ်တဲ့ ဒေါ်ဖလောရိန်းက ပြောပါတယ်။
ခုလို ရိတ်ချိန်မတန်ပဲ ရိတ်သိမ်းရတာဟာ စပါးအထွက်နှုန်းကို လျော့စေပြီးတောင်သူတွေကိုလည်း အရှုံးပေါ်စေပါတယ်။ ဒါတွေကို သိသိရက်နဲ့ တောင်သူတွေဟာ စစ်ပွဲကြောင့် ထားခဲ့ရမှာထက်စာရင် ရသလောက်ရိတ်မယ်ဆိုတဲ့ စိတ်နဲ့ ရိတ်သိမ်းနေကြတာဖြစ်ပါတယ်။
ပင်ပင်ပန်းပန်း စိုက်ပျိုးထားခဲ့ပြီးမှ ပြန်မရိတ်ရရင် ကြုံတွေ့လာနိုင်မယ့်တောင်သူတွေရဲ့ လာမယ့်နှစ်အနာဂတ်နဲ့ပတ်သက်ပြီး နန်းမယ်ခုံ တောင်သူအမျိုးသမီး ဒေါ်ဖလောရိန်းက ခုလိုပြောပါတယ်။

“တကယ်လို့မရိတ်ရဘူးဆိုရင်တော့ အကြွေးနွံထဲမှာပဲ ရုန်းကန်ရမှာပေါ့ အကြွေးနွံနစ်မှာပေါ့။ အကြွေးမကျေဘူးပေါ့။ ကိုယ်ရင်းနှီးထားတဲ့အတိုင်း မရိတ်သိမ်းရဘူးဆိုရင် ကိုယ့်မှာရှိတဲ့ လယ်နဲ့ယာတွေ ရောင်းပြီး အကြွေးဆပ်ရတဲ့ထိ ဒုက္ခတွေ့နိုင်တယ်”လို့ တောင်သူတွေ အဆိုးဆုံးထိ ကြုံလာနိုင်မယ့် အခြေနေကို ပြောပြပါတယ်။
ယခု လက်ရှိအခြေနေဟာ စစ်အုပ်စုကလည်း ဒေါငံခါးဖက်ကို စစ်ကြောင်းထိုး နေတဲ့အပြင် နေ့စဉ်ရက်ဆက်လက်နက်ကြီးတွေ ပစ်ခတ်နေပြီး မြေပြင်ထိတွေ တိုက်ပွဲကလည်း ရက်တိုင်းလိုလို ဖြစ်နေကြတာပါ။
ဒီလိုအခြေအနေမျိုးကို ဒေါ်ဘျားနဲ့ ဒေါ်ဖလောရိမ်းတို့လို တောင်သူတွေ နေ့စဉ်ကြုံတွေ့နေရပြီး နောက်တနေ့မှာလည်း လက်နက်ကြီးသံတွေကြားက၊ ခြိမ်းခြောက်တိုက်ခိုက်မှုတွေကြားမှာ စပါးရိတ်ရပါအုံးမယ်။
သူတို့အတွက်တော့ ရိတ်သိမ်းရာသီဟာ အထွက်ကောင်းဖို့ထက် အသက်ရှင်ဖို့ကိုအရင်ဆုတောင်းရတဲ့ ရာသီတခု ဖြစ်လာနေပြီ။






