ကန္တာရဝတီတိုင်း ( မ် )
ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာမှာ ကယ်ဆယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ပြည်ထဲရေးဌာန အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်းတစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး သေဆုံးခဲ့တယ်လို့ ဌာနခွဲတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
အဆိုပါဝန်ထမ်းဟာ အသက် ၂၆ နှစ်အရွယ် ခူးဖဲသူးဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းနဲ့တွေ့တော့ ပြန်ဆုတ်လို့မရတဲ့ အနေအထားတစ်ခုမှာ စစ်တပ်က ဖမ်းမိသွားတယ်။ စစ်တပ်က သူ့ကို မျက်လုံးတွေ အကုန်ထုတ်တယ်၊ ခေါင်းလည်း ရိုက်ခွဲလိုက်တာ” လို့ ဌာနခွဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရစဉ် ခူးဖဲသူးနဲ့အတူ ပါသွားတဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီနဲ့ ဆေးပစ္စည်းအသုံးအဆောင်တွေကိုလည်း အာဏာသိမ်းစစ်တပ်က သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ခူးဖဲသူးရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ မိသားစုဝင်တွေ၊ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက တာဝန်ရှိသူတွေနဲ့ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ စုပေါင်းကာ ဒီနေ့ဩဂုတ်လ ၂၂ရက်နေ့မှာ ဈာပနပြုလုပ်ပြီး မြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
ခူးဖဲသူးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ကာ ၂၀၂၅ ခုနှစ်ကစလို့ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။







