ကန္တာရဝတီတိုင်း(မ်)
ဆောင်းရာသီအကူးအပြောင်းကို ရောက်ရှိလာပြီဖြစ်လို့ တောင်တန်းတွေပေါများနေတဲ့ ကရင်နီပြည်၊ ဖရူမြို့နယ်အနောက်ဘက်ခြမ်းဒေသမှာတော့ မနက်ခင်းတွေမှာ မြူခိုးတွေ အုပ်ဆိုင်းလေ့ရှိပါတယ်။ တောင်ပေါ်ဒေသဖြစ်တာနဲ့အညီ အအေးဓာတ်ပိုလေ့ရှိတာကလည်း ဒေသရဲ့ အမှတ်သင်္ကေတ တခုပါပဲ။
ဒါပေမဲ့လည်း ဒီအအေးဓာတ်က စစ်ဘေးရှောင်စခန်းတွေထဲက မလုံခြုံတဲ့ ယာယီတဲအိမ်လေးတွေမှာ နေထိုင်နေကြတဲ့ အသက်အရွယ်ကြီးရင့်သူ၊ အဖိုးအဖွားတွေအတွက် အခက်အခဲတခုပါ။ နေရပ်ကို စွန့်ခွာပြီး စစ်ဘေးကနေ တိမ်းရှောင်နေကြရတာမို့ အများစုက သူတို့တွေမှာ ဆောင်းတွင်းဝတ်ဖို့ အဝတ်အထည်တွေ များများစားစား မရှိကြပါဘူး။
စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့်လည်း သူတို့မှာ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အပြင်းထန်ဆုံး ကြုံတွေ့ခံစားကြသူတွေပါ။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ အဖိုး ဦးဖိုးအီတယောက်ကတော့ ပဋိပက္ခကြောင့် ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဆီကို စစ်ဘေးရှောင်နေတာ ၆ နှစ် နီးပါးရှိလာပါပြီ။ အခုနေထိုင်တဲ့ နေရာက တိုက်ပွဲတွေဖြစ်နေတဲ့နေရာနဲ့ အတော်တန်ဝေးကွာနေတယ်လို့ ဆိုနိုင်ပေမဲ့ ဒေသတွင်းမှာ ကြုံရတဲ့ဆောင်းတွင်းအအေးဒဏ်ကြောင့် ဒုက္ခတခုပိုတိုးလာပါတယ်။ သက်ကြီးပိုင်းတွေမှာ ကြုံရတတ်တဲ့ ဒူးနာ၊ ခါးနာ ဝေဒနာဟာ အအေးဒဏ်ကြောင့် ပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။
“စစ်ရှောင်ခါစဆိုရင် နည်းနည်းပါးပါး လှုပ်ရှားလို့ရသေးတယ်။ အခုခါကျတော့ မရတော့ဘူး ဆိုတာက ခါးနာတာနဲ့ ဘာနဲ့ တဖြည်းဖြည်းနဲ့ ကုန်းကုန်းတာနဲ့ အခုဆိုရင် ကျနော် လေးဘက်ကုန်းရောက်ခါနီးပြီ၊ ဘားမှလုပ်စာလို့မရဘူး။” လို့ ဦးဖိုးအီ က ပြောပါတယ်။
ဦးဖိုးအီလိုပဲ စစ်ဘေးရှောင်စခန်းအတွင်းက သက်ကြီးရွယ်အိုတွေဟာ အအေးဒဏ်ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေ ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ ။ အထူးသဖြင့် ရောဂါအခံရှိထားသူတွေက ပိုဆိုးပါတယ်။
ဦးဖိုးအီတို့ရဲ့ စစ်ဘေးရှောင်စခန်းရှိရာဒေသဘက်မှာတော့ ဆောင်းတွင်းမှာ အနွေးထည်နဲ့ စောင်တွေကို အထပ်ထပ်ဆွဲခြုံနေရလောက်အောင်ကို အေးစက်ပါတယ်။ စခန်းနေလူထုအတွက် အလှူရှင်တွေရဲ့ စောင်ထောက်ပံ့မှုအချို့ရှိနေပေမဲ့ မိသားစုဝင်ဦးရေ များပြားတဲ့အိမ်တွေမှာ စောင်တွေလုံလောက်မှု မရှိသေးပါဘူး။
ဦးဖိုးအီရဲ့ မူရင်းနေရပ်ကတော့ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာပါ။ စစ်ဘေးရှောင်ကာလ ၆ နှစ် အတွင်းမှာ စစ်အာဏာသိမ်းတပ်ရဲ့ လေယာဉ်ဗုံးကြဲမှုတွေကိုလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေတဲ့ဒေသမှာ ရေရှားပါးတာ၊ ဆေးရုံဆေးပေးခန်းတွေနဲ့ ဝေးလံတာကြောင့် ဆေးကုသမှု ကြန့်ကြာတာ စတဲ့စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
“အပတ်စဥ်ကနေပဲ ဖြစ်ဖြစ်လစဥ်ကနေပဲ ဖြစ်ဖြစ် ဆရာဝန်ကျနော့ကို ချိန်းတယ်။ ဆေးရုံဆေးခန်းလည်း ပုံမှန်လည်းသွားတယ်။ ဆေးရုံကနေလည်း ပုံမှန်လည်းဆေးပေးတယ်။ ကျနော်သောက်တဲ့ချိန်မှာလည်း အဆင်ပြေသလောက်ပြေတယ်လို့ ပြောရမှာပေါ့နော။ တခါတလေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လမ်းလျောက်ရတာတို့ လေ့ကျင့်ခန်းနည်းနည်းပါးပါး ရအောင်ဆိုပြီးတော့ ကိုယ်နိုင်သလောက် ကြိုးစားပြီးတော့ လှုပ်ရှားပြီးတယ်။။ တခါတလေလည်း သားသမီးတွေနဲ့ ပျော်ရေးပါးရေး လမ်းဘေးမှာတို့ဘာတို့ ဆော့ကစားရင်းနဲ့ လုပ်ရှားတယ်”လို့ ကျန်းမာရေးအတွက် တတ်နိုင်သလောက်လေးလှုပ်ရှားပြီးနေထိုင်နေတယ်လို့ သူက ပြောပါတယ်။
ဦးဖိုးအီတို့လို သက်ကြီးရွယ်အိုတွေကတော့ စစ်ရှောင်စခန်းအတွင်းမှာပဲ ကျန်းမာရေးအတွက် အနီးအနားကို လမ်းလျှောက်တာ၊ စိတ်ပေါ့ပါးအောင် ရေဒီယိုနားထောင်တာတွေအပြင်၊ မြေးငယ်လေးတွေနဲ့ ဆော့ကစားတာတွေကို ပြုလုပ်နေပါတယ်။
အသက်အရွယ်ကြောင့် ကျန်းမာရေးချို့တဲ့လာချိန်မှာ ခံတွင်းပျက်တာ၊ အစားအသောက်ပျက်တာတွေ ဖြစ်တတ်တာကြောင့် ဆရာဝန်တွေရဲ့ ညွန်ကြားချက်နဲ့ အားဆေးတွေသောက်သုံးကြရပါတယ်။ အလှူရှင်တချို့ရဲ့ ငွေကြေးအထောက်အပံ့တွေရရှိပေမဲ့ ဆေးဝါးဝယ်ယူဖို့အတွက် အဓိက သုံးစွဲကြရပါတယ်။
သက်ကြီးရွယ်အိုအများစုမှာ ဖြစ်တတ်တဲ့ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ရောင်နဲ့ အရိုးဂျီးပေါင်း ရောဂါစတဲ့ နာတာရှည်ရောဂါတွေအတွက် ဆေးရုံဆေးခန်းကို ၂ ပတ် ၁ ကြိမ်လောက် သွားရောက်ပြသရသူ တွေလည်းရှိနေပါတယ်။
“အလုပ်တော့ရှိတယ်။ ဒါပေမဲ့ တောင်တက်လို့မရဘူးလေး၊ ဒူးနာတယ်လေး။ အရင်နှစ်ဆို ထင်းတက်ခုတ်သေးတယ်။ ဒီနှစ်တော့ မရတော့ဘူးထင်တယ်။ တနှစ်တနှစ် ပိုဆိုးဆိုးလာတာပဲကော။” လို့ အသက်၇၂ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ဘယ်ရောနိကာ က ပြောပါတယ်။
သူမဟာ မိသားစုတွေနဲ့အတူ ဖရူဆိုအနောက်ခြမ်းက ကျေးရွာတခုရဲ့ ရွာပြင်ဘက်မှာ စစ်ရှောင်နေပါတယ်။ ခက်ခဲလှတဲ့ အခြေအနေတွေကြား အထီးကျန်မှုတွေကိုကုစားဖို့ သက်ကြီးရွယ်အိုတွေအချင်းချင်း တွေ့ဆုံစကားပြောတာ၊ မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ဘာသာရေး အလိုက် ဝတ်ပြုဆုတောင်းတာ၊ မြေးငယ်လေးတွေကို ထိန်းကြောင်းတာတွေ ပြုလုပ်ကြပါတယ်။
ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအတွင်း ခိုလှုံနေတဲ့ အသက် ( ၇၈) နှစ်အရွယ် အဘိုးဦးဘယ်ညာမီးနိုကတော့ “နိုင်ငံရေးပဋိပက္ခ ဖြစ်လို့စစ်ရှောင်နေရတာပေါ့။ ကာလတာရှည် ကြာလာတာရော ဆက်ကြာအုံးမယ်တွေရော အဲတာတွေ တွေးမိလို့ရှိရင်တော့ စိတ်ခံစားချက်ရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ သက်ကြီးရွယ်အိုတွေအတွက် လုံခြုံတဲ့ မိုးကာတဲတွေအပြင် သက်ကြီးပိုင်းအတွက် သီးသန့် ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရပြည့်ဝတဲ့ အစားအသောက်များတွေနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု (Psychosocial Support) တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရချိန်မှာ အဘိုးအဘွားတွေအတွက် အနိမ့်ဆုံး လိုအပ်ချက်ကတော့ “ဘေးကင်းလုံခြုံမှု” နှင့် “ဂရုဏာတရား”ဖြစ်ပါတယ်။ သူတို့ရဲ့ တုန်ရီနေတဲ့ လက်တွေထဲကို နွေးထွေးတဲ့ ကူညီမှုတွေ ရောက်ရှိသွားဖို့ကတော့ လူမှုအသိုင်းအဝန်းတခုလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။





