spot_img
Homeဆောင်းပါးစစ်ရှောင်စခန်းထဲက အသက်သွေးကြော ( သို့မဟုတ် ) စားဝတ်နေရေးအတွက် အိမ်ဆိုင်ငယ်လေးများနှင့် တိုက်ပွဲဝင်ခြင်း

စစ်ရှောင်စခန်းထဲက အသက်သွေးကြော ( သို့မဟုတ် ) စားဝတ်နေရေးအတွက် အိမ်ဆိုင်ငယ်လေးများနှင့် တိုက်ပွဲဝင်ခြင်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုရဲ့ နံနက်ခင်းဟာ ပုံမှန်အားဖြင့် တိတ်ဆိတ်နေလေ့ရှိပေမဲ့ တချို့သောအိမ်ဆိုင်ငယ်လေးတွေမှာတော့ မိသားစုဝမ်းရေးအတွက် မနက်ခင်းအစောပိုင်းကတည်းက ရုန်းကန်လှုပ်ရှားမှုတွေ စတင်နေကြပါပြီ။

ဆိုင်ငယ်လေးကို အိမ်နဲ့တွဲပြီးဖွင့်ထားရတာကြောင့် တအိမ်လုံး စောစောထ၊ ဆိုင်ဖွင့်ရပြီး စျေးဝယ်သူတွေနဲ့ မနက်ခင်းလေးဟာ အသက်ဝင်လာပါတယ်။

စစ်ရှောင်ကာလ ၆ နှစ် နီးပါး ကြာမြင့်လာအခါ အလှူရှင်တွေအပေါ်ကိုပဲ အားကိုးမျှော်လင့်နေလို့ မရတော့ဘူးဆိုတာ ဒေါ်စိုးမြာတို့လို စစ်ရှောင်မိခင်တွေက နားလည်လာကြပါတယ်။ ဒါကြောင့်လည်း အိမ်ဆိုင်ငယ်လေးဖွင့်ပြီး မိသားစုဝမ်းရေးဖူလုံဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားလာကြတာပါ။

အသက် ၄၁ နှစ်ရှိပြီးဖြစ်တဲ့ ဒေါ်စိုးမြာအတွက်ကတော့ ဒီဆိုင်လေးဟာ ရိုးရိုးကုန်စုံဆိုင်တခုသာ မဟုတ်ပါဘူး။ မိသားစုအနာဂတ်အတွက် စွန့်စားရုန်းကန်မှုတခုလည်း ဖြစ်ပါတယ်။

“စစ်ရှောင်ဆိုတာ နေရာတိုင်းမှာ ရှိနေတော့ အလှူရှင်တွေလည်း နေရာတိုင်း မရောက်နိုင်ဘူးလေ။ ကြာလာရင် ကိုယ့်မိသားစုအတွက် နည်းနည်းပါးပါး ဖူလုံမလားဆိုပြီး လုပ်လိုက်တာပါ” လို့ ဒေါ်စိုးမြာက ပြောပါတယ်။

ဒီအိမ်ဆိုင်လေးဖြစ်တည်လာဖို့ကလည်း မလွယ်လှပါဘူး။ မိသားစုဝင်ငွေလည်းရအောင်လို့ ဆိုပေမဲ့ ဝင်ငွေမရခင် ကြိုတင်ရင်းနှီးထားရတာပါ။ စုဆောင်းထားတဲ့ငွေလေးကိုသုံးစွဲရသလို ပစ္စည်းတွေတင်ဖို့ မလောက်နိုင်တာကြောင့် နိုင်ငံခြားရောက်အသိမိတ်ဆွေရဲ့ အကူအညီကို ယူထားရပါသေးတယ်။

ဒါတင်မကသေးပါဘူး။ ဆိုင်ခန်းအတွက် မြေနေရာငှားရမ်းတာ၊ သစ်ဝါးတွေနဲ့ ဆိုင်ခန်းတည်ဆောက်တာတွေလည်း ကုန်ကျစရိတ်ရှိပါတယ်။ ဒါကြောင့် ဒေါ်စိုးမြာတို့လို စစ်ရှောင်ဘဝတွေမှာ ဆိုင်တဆိုင်ပိုင်ဆိုင်တာဟာ ရင်းနှီးမှုတွေ၊ စွန့်စားမှုတွေ ကို ပေါင်းစပ်ထားရတာပါ။

“သူများရောင်းသလိုပဲ ကိုယ်လည်း တတ်နိုင်သလောက်ပေါ့။ ဥပမာ- ကိုယ်ရှေ့မှာသွားယူရင် ၄၅၀ နဲ့ ကိုယ်ယူလိုက်တယ်။ ဒီမှာကျတော့ ၅၀၀ နဲ့ သူတို့ကို ပြန်ရောင်းပေး။ ၅၀၊ ၁၀၀ အဲ့လိုမျိုးပဲလေ။ ကလေးမုန့်တွေက အမြတ်အစွန်း သိပ်မရှိဘူး။ အများကြီးတင်လို့လည်း အဆင်မပြေဘူးလေ” လို့ ဒေါ်စိုးမြာက ရှင်းပြပါတယ်။

ဆိုင်တွင်း ရောင်းချပေးနေတဲ့ အချိုရည်နဲ့ မုန့်တချို့

ဆိုင်တဆိုင်ပိုင်ဆိုင်ထားတယ်လို့ ဆိုပေမဲ့ မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုအပြည့်အဝမပေးနိုင်ပါဘူး။ တနေ့ကို ကျပ်တသိန်းခွဲအထိ ရောင်းအားရှိနေပေမဲ့ ပစ္စည်းတွေကို ပြန်ဝယ်သွင်းနေရတာကြောင့် ရောင်းလိုက်-ဝယ်လိုက်နဲ့ သံသရာလည်နေပါတယ်။ တရက်ရောင်းရငွေထဲက အမြတ်ဘယ်လောက်ကျန်သလဲဆိုတာကိုလည်း ဒေါ်စိုးမြာမတွက်တတ်ပါဘူး။ ဒါပေမဲ့လည်း အလုပ်အကိုင်ရှားပါးတဲ့အချိန်မှာ အလုပ်တခုရှိနေတာကောင်းတယ်လို့ ဒေါ်စိုးမြာ က ယူဆထားပါတယ်။

ကုန်စုံဆိုင်လို့ ဆိုထားပေမဲ့ တနေ့တခြား မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့်လည်း ဒေါ်စိုးမြာက သူမရဲ့ ဆိုင်ထဲမှာ ပစ္စည်းအစုံမတင်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း စစ်ရှောင်စခန်းတခုလုံးမှာတော့ ဒီဆိုင်ငယ်လေးတွေက အလုပ်ဖြစ်ပါတယ်။ လိုအပ်တာတွေဝယ်ယူဖို့ အဝေးကိုသွားစရာမလိုတော့ပဲ အေးအေးသက်သာ ဝယ်ယူနိုင်တာကြောင့်ပါ။

အသက် ၅၀ နှစ်အရွယ် ဒေါ်လူမြာကတော့ လွိုင်ကော်ကနေ စစ်ရှောင်လာသူ အမျိုးသမီးတဦးပါ။ သူမဟာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပဲပုပ်ကို တပိဿာ ၈,၀၀၀ ကျပ်နဲ့ ရောင်းချရင်း မိသားစုဝမ်းစာအတွက် ရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိစားသောက်ကုန်စျေးနှုန်းဟာ အဆမတန် မြင့်တက်နေတာကြောင့် သူမရဲ့ ပဲပုပ်တပိဿာ ဝင်ငွေဟာ စားဝတ်နေရေးအတွက် လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

“စျေးသက်သာဆုံးဆိုတာ မရှိလောက်ဘူးထင်တယ်။ အရင်တုန်းကဆို တသောင်းဆိုရင် သုံးလေးငါးခုလောက် ရနိုင်သေးတယ်လေနော။ အခုဆိုရင် တသောင်းဆိုရင် တခုတောင်မရဘူး။ စျေးသက်သာတယ်ဆိုတာ မရှိဘူး”လို့ သူမ က ရင်ဖွင့်ပါတယ်။

ဒေါ်စိုးမြာတို့နေထိုင်တဲ့ စစ်ရှောင်စခန်းအတွင်းမှာ ရောင်းချပေးနေတဲ့ အခြေခံစားသောက်ကုန် စျေးနှုန်းတွေကတော့ –
• ဆီ (50 ကျပ်သားဘူး) – 12000 ကျပ်
• ဆီ (30 ကျပ်သားဘူး) – 7500 ကျပ်
• ဆား (တစ်ထုပ်) – 1500 ကျပ်
• ကြက်ဥ (တစ်လုံး) – 600 ကျပ်
• အာလူး (တစ်ပိဿာ) – 7000 ကျပ်
• ကုလားပဲနှင့် အသားတု (ထုပ်ငယ်) – 1000 ကျပ် ဖြစ်ပါတယ်။

စစ်ရှောင်ကလေးမှ သူမရဲ့ဆိုင်မှာ မုန့်လာဝယ်နေစဉ်

ယခုလို စစ်မီးလျှံတွေ တောက်လောင်နေဆဲကာလ၊ ကုန်စျေးနှုန်းတွေ ထိုးတက်နေတဲ့ ကာလတွေမှာ စစ်ရှောင်စခန်းအတွင်း ဆိုင်ငယ်လေးတွေ ရှိနေတာက စစ်ရှောင်မိသားစုတွေအတွက် အဆင်ပြေစေပါတယ်။

“တနေ့ တော်လှန်ရေး အောင်မြင်သွားခဲ့လို့ ပြီးဆုံးသွားခဲ့မယ်ဆိုရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်မယ်။ ပြီးရင် ဒီထက်ပိုပြီးတော့မှပဲ ကြိုးစားရုန်းကန်ရအုံးမယ်ပေါ့” လို့ ဒေါ်စိုးမြာက အနာဂတ်မျှော်လင့်ချက်ကို ပြောပါတယ်။

၅ နှစ်တာ စစ်ရှောင်ကာလတလျှောက် ဒေါ်လူမြာနဲ့ ဒေါ်စိုးမြာတို့လို အမျိုးသမီးတွေဟာ မွေးရပ်မြေကို ပြန်နိုင်ယ့်ရက်ကို တမ်းတနေသလို မပြန်နိုင်သေးခင်မှာတော့ လက်ရှိဆိုင်ငယ်လေးကို တိုးချဲ့နိုင်ဖို့ မျှော်လင့်ရင်း ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို ရှာဖွေနေကြဆဲဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ