ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်)မှာ စစ်ကောင်စီတပ်တွေဟာ မိုးဗြဲ- လွိုင်ကော်လမ်းမကြီးကနေ ဒီးမော့ဆိုဖက်ကို လက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာတာကြောင့် မိုးဗြဲနဲ့နီးတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာဒေသခံတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
” ပစ္စည်းတွေကျန်တာပေါ့ အများကြီးပဲ။ အသံတွေကြားရတာပေါ့။ သူများပစ်နေတုန်းပဲကော။”လို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့ နေရာနဲ့ အနီးဆုံးရွာက ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ဘုရားနီကျေးရွာအထိရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကယ်ဆယ်ရေးအဖွဲ့ တွေက ကူညီကယ်ထုတ်နေကြပြီး အခက်ခဲတွေလဲရှိနေတယ်လို့ karenni hopeအဖွဲ့က စစ်ရှောင် ကူညီရေး တာဝန်ခံ က ပြောပါတယ်။
“ကျနော်တို့သွားတဲ့ ကယ်ဆယ်ရေးလမ်းကြောင်းကတော့ ကယ်ဆယ်ရေးသမား အတော်များများကတော့ တက်ညီလက်ညီ ခေါ်ထုတ်ပေးနေကြတယ်။အခက်ခဲကတော့ စက်သုံးဆီတွေပါပဲ။ စက်သုံးဆီတွေလိုအပ်တယ်” လို့ karenni hopeအဖွဲ့က စစ်ရှောင် ကူညီရေးတာဝန်ခံက ပြောပါတယ်။
ကူညီကယ်ဆယ်မှုတွေကို ညအချိန်ထိလုပ်ဆောင်နေရပြီး ထွက်ပြေးတိမ်းရှောင်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့မြေပြင် သတင်းထောက်က ပြောပါတယ်။
လက်ရှိ တိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာတွေ လိုနေတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။
“ဘာမှ မပါလာဘူးကော။ စားဖို့ ဆန်တွေလိုတယ်။ ဆန်ဆိုလဲ တစ်ရက်နှစ်ရက်စား ဖို့ပဲပါတယ်။ ငါးပဲ လုပ်စားတော့ ပိုက်ဆံလဲမရှိဘူး” လို့ တိမ်းရှောင်လာ တဲ့ အမျိုးသမီး တဦးက ဆိုပါတယ်။
ယမန်နေ့မှာ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ် အစပ်က ရွာတွေဟာ မနက် ၆နာရီကတည်းက စတင်ရွေ့ပြောင်းနေကြပြီး ညအထိ ရွေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။