spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP မှတဆင့် BGF တပ်ဖွဲ့ဝင်အပါအဝင် မိသားစုဝင် ၁၅ ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိခင်အဖွဲ့အစည်း နဲ့ ပြန်လည်ပူးပေါင်းလိုက်ပြီဖြစ်တဲ့ နယ်ခြားစောင့်တပ် တပ်ရင်းအမှတ် ၁၀၀၅ အတွင်းပါလာတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၅ ဦးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ထိုင်းအာဏာပိုင်တွေကနေတဆင့် စစ်ကောင်စီ ထံကို ပြန်လည်လွဲအပ်လိုက်ပါတယ်။

ဒီလွဲပြောင်းမှုကို ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ ကနေ စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

“ဆန္ဒမေးကြည့်လိုက် ပြန်ချင်လား နေချင်လားဆိုတော့ မေးကြည့်တဲ့အခါမှာ ပြန်ချင်တယ်ဆိုတဲ့ တချို့ရှိတယ်။ ကျန်တဲ့ဟာတော့ အများပြည်သူ အရပ်သားလိုပဲ နေချင်ပါတယ် မပြန်ချင်ပါဘူးဆိုတဲ့ဟာမျိုးရှိတော့ ပြန်ချင်ပါတယ်ဆိုတဲ့သူကို ကျနော်တို့ အချိတ်အဆက်လုပ်ပြီးတော့မှ လွဲပြောင်းပေးနိုင်ရေး၊ ပြန်ပို့ပေးနိုင်ရေး အစီအစဉ် စတယ်ပေါ့။” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် (အက်စ်) က ပြောပါတယ်။

အဆိုပါ ပြန်လည်လွဲပြောင်းပေးလိုက်တဲ့ BGF တပ်ရင်းအတွင်းက စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေဟာ နယ်ခြားစောင့်တပ် တပ်ရင်းအမှတ် ၁၀၀၅ က မိခင်တပ်ရင်းနဲ့ အတူပြန်လည်ပူးပေါင်းစဉ်မှာ တပ်ရင်းမှူးရဲ့ အမိန့်ကို နာခံပြီး အသာတကြည်လိုက်ပါသွားသူတွေဖြစ်တယ်လို့ သိရပါတယ်။

“BGF တပ်ရင်းမှူးပေါ့ သူက ပြည်သူနဲ့ပူးပေါင်းလိုက်ပြီ သူ အဲ့လိုမျိုးပြောတဲ့အချိန်မှာ ကျနော်တို့ကိုတော့ သူတို့က သုံ့ပန်းအနေနဲ့ပဲထားမယ် ဘားမှမလုပ်ဘူး။ မင်းတို့လည်း ပြည်သူတွေနဲ့အတူ နေဖို့ သူ့နောက်ကို လိုက်ခဲ့ဖို့ ကျနော်တို့ကို အမိန့်ပေးတာပေါ့။ အဲ့ဒီအချိန် သူကလည်း ကျနော်တို့ရဲ့ တပ်မှူးဆိုတော့ လုပ်ရတယ် အမိန့်ကိုလည်းနာခံခဲ့တယ်။ သူစီစဉ်ပေးတဲ့အတိုင်းပဲပေါ့ ဘားမှ ဆန့်ကျင်တာမျိုးမလုပ်ဘဲနဲ့ မိသားစုတွေလည်းပါတယ်ဆိုတော့ အေးအေးဆေးဆေးပဲ ထားခဲ့လိုက်တာပေါ့။ နောက်တဆင့် သူတို့ကနေမှ ကေအဲန်ပီပီဖက်ကို လွဲပေးလိုက်တယ်။ နောက် ဒီလိုမျိုးဖြစ်လာတာပေါ့။ “ လို့ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စစ်ကောင်စီခန့် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

နယ်ခြားစောင့်တပ် ၁၀၀၅ တပ်ရင်းမှာ စစ်ကောင်စီကနေ တိုက်ရိုက်ခန့်အပ်ထားတဲ့ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ ဒု- အရာခံဗိုလ်၊ တပ်ကြပ်ကြီးစာရေး၊ စားရင်းကိုင်၊ ရုံးအုပ် နဲ့ ၎င်းတို့ရဲ့ မိသားစုဝင် စုစုပေါင်း ၄၈ ဦးဟာ တပ်ရင်းမှူးရဲ့ အမိန့်ကို နာခံခဲ့ပြီး စီစဉ်ဆောင်ရွက်မှုကို လိုက်နာခဲ့တယ်လို့ လုပ်သက် (၁၃) နှစ်ရှိပြီဖြစ်တဲ့ အသက် (၃၃)နှစ်အရွယ်ရှိ စစ်ကောင်စီခန့်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လက်ရှိမှာတော့ တပ်ရင်းမှူးရဲ့အစီအစဉ်နဲ့ သူတို့ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဘက်ပြောင်းခိုလှုံသူများနှင့် CDM ကြီးကြပ်ရေးကော်မတီထံ လွှဲပြောင်းပြီးနောက် ကော်မတီအောက်မှာ ခိုလှုံခွင့်ရခဲ့ပြီး မိမိတို့ဆန္ဒအလျောက် နေရပ်ကိုပြန်ခွင့်လည်း ရခဲ့ပါတယ်။

ထိုနည်းတူ မတူတဲ့ပုံစံမျိုး လွဲပြောင်းတဲ့အစီအစဉ် ယခင်ကလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီက ခေါ်ယူတဲ့ နေရပ်ပြန်တဲ့အစီအစဉ်မှာ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးအပါအဝင် ၉ ဦးနဲ့ မိသားစုဝင် စုစုပေါင်း ၁၅ ဦး ပါဝင်ခဲ့တာပါ။

မိမိတို့ ဆန္ဒအလျောက် နေရပ်ပြန်ဖို့အတွက် ထိုင်းစစ်တပ်ကနေတဆင့် သက်ဆိုင်ရာစစ်ကောင်စီထံကို စနစ်တကျလွဲပြောင်းပေးတဲ့ ဒီ အစီအစဉ်ဟာ အာဏာသိမ်းပြီးနောက် စနစ်တကျ လွဲပြောင်းပေးတဲ့ ပထမအကြိမ်ဖြစ်တယ်လို့ ခူးတော်ရယ်က ဆိုပါတယ်။

ဒီလို သုံ့ပန်းလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ကန္တာရဝတီတိုင်း( မ် ) ဘက်က ဆက်သွယ်မေးမြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းနိုင်ငံကနေ တဆင့် စစ်ကောင်စီထံ ပြန်လည်လွဲပြောင်းတဲ့ အစီအစဉ်အပေါ် ဝမ်းမြောက်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်း အဆိုပါ ဗိုလ်ကြီးတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF) ကနေ နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ခုနှစ်မှာ ကူးပြောင်းခဲ့ပြီးနောက် နယ်ခြားစောင့်တပ် – BGF (Border Guard Force) တပ်ရင်း ၁၀၀၄ နဲ့ တပ်ရင်း ၁၀၀၅ ဖြစ်လာခဲ့ပါတယ်။

၁၀၀၄ တပ်ရင်းက မယ်စဲ့မြို့နယ် ဟိုစဲ့မြို့မှာ အခြေစိုက်ပြီး ၁၀၀၅ တပ်ရင်းက ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ အခြေစိုက်ထားပါတယ်။ လက်ရှိ ကေအဲန်ပီပီထံ ရောက်ရှိလာတဲ့ ၁၀၀၅ တပ်ရင်းမှ စစ်ကောင်စီခန့် တပ်ဖွဲ့ဝင် နဲ့ မိသားစုဝင်အပါအဝင် အမျိုးသား (၃၀)ဦး၊ အမျိုးသမီး (၁၈)ဦး စုစုပေါင်း ၄၈ ဦး ရှိခဲ့ပါတယ်။

“နကိုယ် ကလလတက က BGF မဟုတ်ဘူးလေ။ BGF လုပ်ကျတဲ့အခါမှာ စစ်ကောင်စီက သူ့ တပ်မတော်သားတွေကို ညှပ်ထည့်လိုက်တဲ့လူတွေပေါ့။ ဆိုတော့ နကိုယ် ကလလတက တော်လှန်ရေးဖက်မှ ာပြန်ပြးရပ်တည်။ မူလ လူတွေကို ကလလတ ထဲပြန်ထား ။ ကျန်တဲ့သူတွေတော့ ညှပ်ထည့်ထားတော့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးတော့ အသာတကြည်လက်ခံ လိုက်ပါလာတယ်။ အဲ့ဒါနဲ့ ကလလတက တော်လှန်ရေးပြန်လုပ်တော့ ကျန်တဲ့အပိုင်းအခက်အခဲဖြစ်တော့ KA (ကရင်နီတပ်မတော်) က ကြီးကြပ်ပြီး ဆောင်ရွက်ပေးနေတယ်။”လို့ ခူးတော်ရယ် (အက်စ်) က ဆက်ပြောပါတယ်။

ကျန်ရှိတဲ့ တပ်သား နဲ့ မိသားစုဝင်တွေကတော့ ကေအဲန်ပီပီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေအုံးမှာဖြစ်ပြီး သူတို့အတွက် စားရေးသောက်ရေးကို ထောက်ပံ့ပေးထားသလို အများနည်းတူ လုပ်ကိုင်စားသောက်ခွင့်တွေ ပေးနေထားတယ်လို့ သိရပါတယ်။

KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ အနေနဲ့ ဘက်ပြောင်းပြီး စီဒီအမ် ပြုလုပ်လိုတဲ့ စစ်သားတွေအတွက် လက်ရှိအချိန်ထိ ကြိုဆိုဖိတ်ခေါ်တယ်လို့ ခူးတော်ရယ်(အက်စ်) ကပြောပါတယ်။

“ယုံကြည်ပါ ကျနော်တို့ တကယ်အမှန်အကန်လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဟိုဖက်မှာ မလုပ်ချင်တော့လို့ ထွက်လာတဲ့သူကို ကျနော်တို့က ကယ်တယ်လို့ မြင်တယ်လေ။ လူထုကိုဆန့်ကျင်တဲ့ လူထုရန်သူဖြစ်နေတဲ့ သူရဲ့အောက်မှာ အသေခံနေတာ အဓိပ္ပါယ်ဘာရှိတော့မလဲ။ ဒီမှာလာရင်တော့ တိုက်ပွဲတွေမှာ ပြန်အသုံးပြုမယ် အဲ့လိုလဲ မရှိဘူး။ တပ်ဖက်ကနေ လာတဲ့သူတွေဆိုရင် ယုံယုံကြည်ကြည်နဲ့ လက်နက်ပြန်ပေးကိုင်တယ်ဆိုတာ မလုပ်ချင်ဘူး။ သူ့ကိုလဲ ရန်သူလိုမသတ်မှတ်တော့ အရပ်သားအဖြစ် ကျနော်တို့ မှတ်ယူမယ်။ အဲ့လိုအစီအစဉ်မျိုးဖြစ်အောင် ကျနော်တို့ထားချင်တယ်။ ဆိုတော့ တကယ်လို့ လူထုကို အများပြည်သူကို တိုင်းပြည်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်ဆိုလို့ရှိရင် လက်နက်ကိုင်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ တခြားပုံစံနဲ့ သူပါဝင်ကူညီလို့ရတယ်လေ။” လို့ ခူးတော်ရယ်(အက်စ်) က ဖိတ်ခေါ်ထားပါတယ်။

ကလလတ ဌာနချုပ်တည်ရှိရာ မယ်စဲ့မြို့နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယပတ်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲ့ဒီတိုက်ပွဲအတွင်း ကလလတလည်း ပါဝင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာတော့ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီဖြစ်တယ်လို့ ကလလတက တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

spot_img
spot_img

Recent posts